Thursday, March 14, 2019

မြောင်မြို့နယ်တွင် မြေနုကျွန်း အငြင်းပွားမှုဖြစ်၍ တောင်သူများ စိုက်ပျိုးရေးထိခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် မြစ်သာအုပ်စု၊ ဆူးလေကုန်းကျေးရွာနှင့် ရွာနီးချင်း သုခဒီပကျေးရွာတို့ မြေနုကျွန်း အငြင်းပွားမှုကြောင့် တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းကို ရပ်ထားရသဖြင့် အခက်အခဲရှိကြောင်း တောင်သူများထံမှ သိရသည်။ 
အဆိုပါ ကျွန်းမြေမှာ ချင်းတွင်းမြစ်လက်တက်အတွင်း ပေါ်ထွန်းသည့် ဧက ရာချီကျယ်ဝန်းသည့် မြေနုကျွန်းဖြစ်ကာ မြေပဲနှင့် ပဲမျိုးစုံစိုက်ပျိုးနေရာမှ ရွာနီးချင်း သုခဒီပကျေးရွာနှင့် အငြင်းပွားမှုရှိသဖြင့် မြောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီက ဆက်လက်လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ 

ယင်းသို့တားမြစ်မှုကို ဆူးလေကုန်းကျေးရွာမှ တောင်သူများက လိုက်နာကာ မစိုက်ပျိုးရသည်မှာ တစ်နှစ်ကျော်လာသဖြင့် ကျွန်းမြေမှရရှိသည့် သီးနှံများမရ၍ ဝင်ငွေထိခိုက်နေရကြောင်း ရပ်/ကျေး လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ရာဇာဝင်းက ပြောကြားသည်။ 

“တစ်နှစ်အတွင်း နှစ်သီးစားမြေတွေ မစိုက်ရတော့ ဝင်ငွေ ထိခိုက်ပါတယ်။ တောင်သူပေါင်း ၂၀၀ ရဲ့ဝင်ငွေ သိန်း ၃၀၀ ဝင်ငွေ မရတော့ဘူး။ တားမြစ်မှုကို ဆူးလေကုန်းက လိုက်နာပေမယ့် တစ်ဖက်ရွာက မလိုက်နာဘဲ စိုက်နေတယ်”ဟု ၎င်းကဆိုသည်။ 

မြေနုကျွန်း ဥပဒေအရ တစ်နှစ်တစ်ခါ ခွဲဝေမှုပြုရာတွင် ရွာနီးချင်း သုခဒီပနှင့် ဆူးလေကုန်းကျေးရွာတို့မှာ အငြင်းပွားသဖြင့် ၂၀၁၄ ခုနှစ်တွင် မူလစိုက်ပျိုးနေမှုများ ပျက်ပြားခဲ့ကြောင်း၊ မြောင်မြို့နယ်၊ လယ်ယာမြေ စီမံခန့်ခွဲရေးသို့ စာပို့တိုင်ကြားသော်လည်း အရေးမယူဘဲထားသည်မှာ ၁၃ လကျော်ကြာမြင့်ခဲ့သဖြင့် အမြန်ဖြေရှင်းပေးရန် အလိုရှိကြောင်း ဆူးလေကုန်း ကျေးရွာခံ ဦးစိုးနိုင်ထွန်းက ပြောကြားသည်။ 

အဆိုပါ မြေနုကျွန်းအငြင်းပွားမှုကြောင့် တောင်သူများ နစ်နာမှုကို အရပ်သတင်းအရ ကြားသိထားပြီး ကွင်းဆင်းစစ်ဆေးကြည့်ရှုရန် စီစဉ်ထားကြောင်း မြောင်မြို့နယ်၊ တိုင်းဒေသကြီး အမှတ် ၂ ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ထွန်းက ပြောကြားသည်။

The Voice

0 comments:

Post a Comment