ဒေသအတွင်း ဝေဖန်မှု မြင့်တက်လျက်ရှိသည့် ဇွဲကပင်တောင်စေတီ မှန်သားခင်း (View Point) ရင်ပြင်တိုးချဲ့လုပ်ငန်းမှာ မတ်လဒုတိယပတ်အတွင်း ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်သော်လည်း လာမည့် တပေါင်းလပြည့် ဘုရားပွဲတော်တွင် ဘုရားဖူး လာရောက်သူများအား ဝင်ရောက်ကြည့်ရှုခွင့်ပေးမည် မဟုတ်ကြောင်း သိရသည်။
“ပြည်နယ်အစိုးရ အစီအမံနဲ့ နည်းပညာရှင်တွေကို ခေါ်ယူပြသ စစ်ဆေးပြီး ဖြစ်ပါတယ်။ ဇွဲကပင်တောင်ဟာ ထုံးကျောက်တောင် အမျိုးအစားဖြစ်တော့ ရေရှည်ကြံ့ခိုင်မှုအတွက် စိုးရိမ်စရာရှိပေမယ့် အရမ်းကြီးစိုးရိမ်ရမယ့် အနေအထား မရှိပါဘူးလို့တော့ မှတ်ချက်ပြုသံ ကြားရပါတယ်။ View Point မှာ ကြည့်ရှုသူတွေကို အကန့်အသတ် ထားသင့်ပါတယ်။ လောလောဆယ် ရာနှုန်းပြည့် မှန်သားတွေကို ခင်းကျင်းပြီးပါပြီ။ ဘုရားဂေါပကအဖွဲ့က ဗွီနိုင်းထောင်ပြီး ဝင်ရောက်ကြည့်ရှုခွင့်ကို ပိတ်ပင်ထားတာ တွေ့ရတယ်” ဟု ဘားအံမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။
ဇွဲကပင်တောင် ရင်ပြင်တိုးချဲ့သည့်လုပ်ငန်းကို ၂၀၁၈ ခုနှစ် ဇွန်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး စေတီတော် အရှေ့ဘက်သို့ အလျားအရှည် ပေ ၁၀၀၊ အနံအကျယ် ၁၅ ပေအထိ သံပေါင်များဖြင့် တိုးချဲ့ထားခြင်းဖြစ်ပြီး အလျား၊ အနံ လေးပေပတ်လည်နှင့်အတူ တစ်လက်မရှိ မှန်ချပ်ရေ ၇၀ ကို သံချောင်းညှပ်၍ တပ်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ဒါက မြန်မာနိုင်ငံမှာ ပထမဦးဆုံး မှန်ခင်း View Point ပါ။ အနယ်နယ်အရပ်ရပ်က ဘုရားဖူးသူတွေ စိတ်ဝင်စားမှု ရှိလာတာ ဂုဏ်ယူစရာ တစ်ခုပေါ့။ ဒါပေမဲ့ ရေရှည်ကြံ့ခိုင်မှု အနေနဲ့ စဉ်းစားစရာတော့ရှိတယ်။ လက်ရှိ အချိန်မှာ ဇွဲကပင်တောင်ကို အမှီပြုပြီးတောင် အရှေ့ဘက်မှာ ကားလမ်းဖောက်ထားသလို တောင်ရဲ့ အနောက်ဘက်မှာလည်း Cable Car စီမံကိန်းကို အကောင်အထည်ဖော်လျက် ရှိပါတယ်။ သဘာဝက ပေးထားတဲ့ အလှတရားကို ဖျက်ဆီးပစ်သလိုမျိုး ဖြစ်လာမှာကိုတော့ စိုးရိမ်မိပါတယ်” ဟု ဘားအံမြို့ခံ တစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။
ဇွဲကပင်တောင်စေတီရင်ပြင် တိုးချဲ့ခြင်းလုပ်ငန်းတွင် တတ်သိကျွမ်းကျင်သည့် နည်းပညာရှင်များ မပါရှိဘဲ ဒေသခံပညာရှင်များနှင့် လုပ်ဆောင်ခြင်းဖြစ်ကာ ဒေသခံများက စိုးရိမ်ပူပန်မှုများရှိနေပြီး လတ်တလော ဝေဖန်မှုများ မြင့်တက်လျက်ရှိကာ လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်က ရင်ပြင်တော်တိုးချဲ့ရေး ဦးဆောင်သူ ဂေါပကအဖွဲ့ဝင်များနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ပြည်နယ်အစိုးရဘက်မှ နည်းပညာရှင်များ ခေါ်ယူပေးခဲ့ကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment