Tuesday, March 12, 2019

တပ်စည်ပင်နှင့် အငြင်းပွားနေသည့် တောင်ဥက္ကလာပမြို့နယ်ရှိ YP စက်သုံးဆီဆိုင် မြေနေရာကို တပ်စည်ပင်က ခြံစည်းရိုးခတ် ကာရံမည်ဟုဆို


တပ်စည်ပင်နှင့် အငြင်းပွားနေသည့် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ YP စက်သုံးဆီဆိုင် မြေနေရာအား ယခုလအတွင်း တပ်စည်ပင်မှ ခြံစည်ရိုးခတ် ကာရံမည်ဖြစ်ကြောင်း တပ်မြို့စည်ပင်မှ အတွင်းရေးမှူး ဦးမိုးမင်းဝင်းက ပြောကြားသည်။ 


“အခုကိစ္စက ရပ်ထားတယ်။ ကုမ္ပဏီဘက်က ဘာမှ လာမရှင်းပြဘူး။ ညှိနှိုင်းတာလည်း လာမလုပ်ဘူး။ လောလောဆယ် ခြံစည်းရိုး ပြန်ခတ်ဖို့ လုပ်နေတယ်။ တပ်ပိုင်မြေအဖြစ် ခြံစည်းရိုးခတ်မယ်။ ဒီလအတွင်းမှာ ခတ်သွားမှာ ဖြစ်တယ်” ဟု ဦးမိုးမင်းဝင်းက ပြောကြားသည်။ 



အဆိုပါ မြေနေရာနှင့်ပတ်သက်ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံ ကန့်ကွက်စာ ပေးပို့ထားကြောင်း ဦးမိုးမင်းဝင်းက ပြောကြားသည်။ 



တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ YP စက်သုံးဆီဆိုင် တည်ဆောက်မည့် မြေနေရာသည် တပ်နှင့် အရပ်မြေ စပ်ကြားဖြစ်နေသဖြင့် မြေပြန်လည် တိုင်းတာခြင်းများ ပြန်လည် ဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး မြေယာဌာနသို့ စာပို့တိုင်ကြားထားခြင်းဖြစ်ပြီး တပ်မြေဆိုပါက တပ်မြို့စည်ပင်သို့ ခွင့်ပြုချက်တောင်းခံရန် ဦးမိုးမင်းဝင်းက ပြောကြားထားသည်။ 



တပ်စည်ပင်က အငြင်းပွားမှုများ ရှိနေသည်ဟုဆိုသည့် အဆိုပါနေရာအား YP စက်သုံးဆီဆိုင် တည်ဆောက်ရန် စီစဉ်နေသဖြင့် တပ်မြို့စည်ပင်က ဇန်နဝါရီ ၃၀ ရက်တွင် “ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ မကျူးကျော်ရ” ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြောင်း ဦးမိုးမင်းဝင်း၏ ပြောကြားချက်အရ သိရသည်။ 



ယင်းသို့ အငြင်းပွားနေသည့် နေရာမှာ တောင်ဥက္ကလာပမြို့နယ် ဂန္ဓာမာလမ်းပေါ်တွင် တည်ရှိပြီး အကျယ်အဝန်း သုံးဧကကျော် ရှိကြောင်း သိရသည်။ 



Yangon Petrol စက်သုံးဆီဆိုင်များ တည်ဆောက်ရန် နေရာ ၂၆ နေရာအနက် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်ရရှိပြီး နေရာများသည် ဒဂုံမြို့သစ်ဆိပ်ကမ်း၊ သာကေတမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ တောင်ဥက္ကလာပမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။ 



ယင်းသို့ စက်သုံးဆီဆိုင် မြေနေရာများနှင့် ပတ်သက်ပြီး ကာလပေါက်ဈေးထက် နည်းပါးစွာချ ထားပေးခြင်းကြောင့် ပြည်သူများအကြားတွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။           

Eleven Media Group

0 comments:

Post a Comment