Tuesday, March 12, 2019

တပ်မတော်ပိုင် မြရိပ်ညိုဟိုတယ်ဝင်းအတွင်း ဇေကမ္ဘာမှ ဆောင်ရွက်နေသည့် လုပ်ငန်းများ ယခုလ ၂၆ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန်နှင့် သက်မှတ်ရက်ထက် ကျော်လွန်ပါက တရားစွဲမည်ဟု တပ်စည်ပင်က ဇေကမ္ဘာကုမ္ပဏီသို့ စာပေးပို့


တပ်မတော်ပိုင် မြရိပ်ညိုဟိုတယ်ဝင်းအတွင်း ဇေကမ္ဘာကုမ္ပဏီမှ ဆောင်ရွက်နေသည့် လုပ်ငန်းများ ယခုလ ၂၆ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန်နှင့် သတ်မှတ်ရက်ထက် ကျော်လွန်ပါက တရားစွဲမည်ဖြစ်ကြောင်း တပ်မြို့စည်ပင်က မတ် ၁၂ ရက်တွင် ဇေကမ္ဘာကုမ္ပဏီသို့ ပေးပို့ခဲ့ကြောင်း သိရသည်။ 


“သူတို့ လုပ်ငန်းတွေ အလုံးစုံ ဖယ်ရှားပေးဖို့ ဒီလ ၂၆ ရက် နောက်ဆုံးထားပြီးတော့ ဖယ်ပေးရမှာပါ” ဟု တပ်မြို့စည်ပင် အတွင်းရေးမှူး ဦးမိုးမင်းဝင်းက ပြောကြားသည်။ 



ဇေကမ္ဘာကုမ္ပဏီသို့ ပေးပို့သည်စာတွင် ဗဟန်းမြို့နယ်ရှိ တပ်မတော်ပိုင် မြရိပ်ညိုဟိုတယ် မြေ ၁၃ ဒသမ ၇၉၄ ဧကအတွင်း စစ်ထောက်ချုပ်ရုံးနှင့် ဇေကမ္ဘာကုမ္ပဏီလိမိတက်တို့ MOA စာချုပ်ချုပ်ဆို၍ ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်စေရာတွင် ကုမ္ပဏီအနေဖြင့် BOT စာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသည့် ကာလအတွင်း နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိသည့် မြေအသုံးချခများ ပေးသွင်းရန် ပျက်ကွက်ခြင်း၊ မြေပိုင်ရှင်သို့ ခွင့်ပြုချက် တစ်စုံတစ်ရာ တင်ပြခြင်းမရှိဘဲ မိမိသဘော ဆန္ဒအလျောက် ရှေးဟောင်း အဆောက်အဦးများ ဖြိုဖျက်ခြင်း၊ သက်တမ်းရင့် သစ်ပင်ကြီးများ ခုတ်လှဲ၍ မြေညှိ၊ မြေပြင်လုပ်ငန်းများ ဆောင်ရွက်မှုများကြောင့် MOA စာချုပ်ပါ စည်းကမ်းချက်များနှင့် တပ်မြို့စည်ပင်ဥပဒေ ပြဋ္ဌာန်းချက်များအား ဖောက်ဖျက် ကျူးလွန်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် တပ်မြို့စည်ပင်ရုံးမှ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက် ရက်စွဲဖြင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်း မပြုရန် အကြောင်းကြားထားကြောင်း သိရသည်။ 



ထို့ပြင် ဇေကမ္ဘာကုမ္ပဏီနှင့် စစ်ထောက်ချုပ်ရုံးတို့ ချုပ်ဆိုခဲ့သော လက်ရှိ ဟိုတယ်လုပ်ငန်း စာချုပ်သက်တမ်းမှာ ကုန်ဆုံးခဲ့ပြီ ဖြစ်သည့်အပြင် တပ်မြို့စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၄ အရ၊ တပ်မြို့စည်ပင်သို့ ခွင့်ပြုချက် တင်ပြတောင်းခံခြင်း မရှိသဖြင့် တပ်မြို့ စည်ပင်သာယာရေး ဥပဒေပုဒ်မ ၇၀ အရ ကာကွယ်ရေးဝန်ကြီးဌာန မြေပေါ်တွင် လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်အတူ လုပ်ငန်းနှင့်သက်ဆိုင်သည့် ဇေကမ္ဘာကုမ္ပဏီပိုင် အရာဝတ္တုအားလုံးကို တပ်မတော်ပိုင်မြေပေါ်မှ မတ် ၂၆ ရက် နောက်ဆုံးထား ပြောင်းရွှေ့ဖယ်ရှားရန်နှင့် သတ်မှတ်ရက်ထက် ကျော်လွန်ပြီး ပြောင်းရွှေ့ဖယ်ရှားခြင်း မပြုပါက တပ်မြို့စည်ပင်သာယာရေးဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မြို့စည်ပင်က ဇေကမ္ဘာကုမ္ပဏီသို့ ပေးပို့သည် စာတွင် ဖော်ပြထားသည်။ 



အဆိုပါစာအား ကုမ္ပဏီအပြင် စစ်ထောက်ချုပ်ရုံး နေပြည်တော်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (နေပြည်တော်)၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တပ်နယ်မှူးရုံး (ရန်ကုန်)၊အမှတ် ၉၅၄ (ဆောက်လုပ်ရေးတပ်ဖွဲ့ အင်ဂျင်နီယာ) တို့ကိုလည်း ပေးပို့ခဲ့ကြောင်း သိရသည်။ 



ဇေကမ္ဘာကုမ္ပဏီနှင့် MOA စာချုပ် သဘောတူညီချက်အတိုင်း မြေအသုံးချခ ဒေါ်လာ ၄၁ ဒသမ ၃၈၂ သန်းအား နှစ်နှစ်အတွင်း ငါးကြိမ်ခွဲပြီး ပေးသွင်းရမည် ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း နှစ်ကြိမ်အတွက် ဒေါ်လာ ၂၄ ဒသမ၈၂၉ သန်းအား ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် နောက်ဆုံး ပေးသွင်းရမည် ဖြစ်သော်လည်း ယနေ့အထိ ပေးသွင်းမှု မရှိသဖြင့် အကြိမ်ကြိမ်နှိုးဆော် သတိပေးခဲ့ပြီး ကုမ္ပဏီမှ ငွေပေးသွင်းခဲ့ခြင်း မရှိသောကြောင့် စာချုပ်သဘောတူညီချက် အားလိုက်နာရန် ပျက်ကွက်ခဲ့ကြောင်း ၂၀၁၈ အောက်တိုဘာ ၃ ရက်တွင် တပ်မြို့စည်ပင်က မြရိပ်ညိုဟိုတယ်ဝင်းအတွင်း ဇေကမ္ဘာကုမ္ပဏီသို့ လုပ်ပိုင်ခွင့်ပြုထားသည့် စီမံကိန်းအား ပြန်လည်သိမ်းယူခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။ 



ထို့ပြင် ဇေကမ္ဘာကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် China State Construction Engineering Corporation နှင့် ပူးပေါင်း၍ ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြုပ်နှံပြီး Yangon New World စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဇေကမ္ဘာကုမ္ပဏီလီမိတက် အနေဖြင့် ၂၀၁၄ ခုနှစ်က စစ်ထောက်ချုပ်ရုံးနှင့် ချုပ်ဆိုထားသော MOA စာချုပ်ပါ စည်းကမ်းများအား လိုက်နာခြင်း မရှိသည့်အပြင် ရှေးဟောင်းသမိုင်း အဆောက်အဦး နှစ်လုံးအပါအဝင် အခြားအဆောက်အဦး နှစ်လုံးတို့အား ဖြိုဖျက်ခဲ့ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဦးမိုးမင်းဝင်းက ပြောကြားထားသည်။

Eleven Media Group

0 comments:

Post a Comment