Wednesday, April 3, 2019

တနင်္သာရီတိုင်းတွင် လေးနှစ်အတွင်း ကုမ္ပဏီ ၁၃ ခု အမည်ပျက်စာရင်းသွင်းခံရ

တနင်္သာရီတိုင်းအတွင်း လေးနှစ်နီးပါးကာလအတွင်း ဆောက်လုပ်ရေးကုမ္ပဏီ ၁၃ ခုကို အမည်ပျက်စာရင်း သွင်းခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ 
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှင့်မှ ၂၀၁၈-၂၀၁၉ (မီနီဘတ်ဂျက်) အထိ လေးနှစ်နီးပါး ကာလအတွင်း အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်သည့်လုပ်ငန်းများကို အချိန်မီ မပြီးစီးခြင်းနှင့် သတ်မှတ် အရည်အသွေး မပြည့်မီခြင်းတို့ကြောင့် အမည်ပျက်စာရင်း သွင်းခဲ့ခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်က ပြောသည်။ 

“အများအားဖြင့်ကတော့ အချိန်မီ မပြီးတာတွေ များတယ်”ဟု ဦးမိုးဇော်လတ်က ဆိုသည်။ 

ယင်းအမည်ပျက်စာရင်း သွင်းထားသည့် ကုမ္ပဏီစာရင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနထံသို့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက ပေးပို့ထားကြောင်း ၎င်းကပြောသည်။ 

တိုင်းအစိုးရက ပေးပို့လိုက်သည့် အမည်ပျက်စာရင်း သွင်းခံရသည့် ကုမ္ပဏီအမည်များအပြင် အဆိုပါ ကုမ္ပဏီလုပ်ငန်းများကို ကြီးကြပ်သည့် အင်ဂျင်နီယာ ၃၀ ဦးခန့်၏ အမည်စာရင်းကိုလည်း ပူးတွဲပေးပို့ထားကြောင်း ဦးမိုးဇော်လတ်က ဆိုသည်။ 

အမည်ပျက်စာရင်း သွင်းခံရသည့် ကုမ္ပဏီအမည်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။ သို့သော် အများစုမှာ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (နတလ) ဘတ်ဂျက်ဖြင့် လုပ်ဆောင်သည့် ကုမ္ပဏီများဖြစ်သည်ဟု ဦးမိုးဇော်လတ်က ပြောသည်။ 

ယင်းကုမ္ပဏီအမည်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဝက်ဆိုဒ်တွင်တင်မည်ဟု သိရကြောင်း ဦးမိုးဇော်လတ်က ဆိုသည်။ 

အစိုးရ၏ တည်ဆောက်ရေးလုပ်ငန်းများကို တင်ဒါစနစ်ဖြင့် လုပ်ကိုင်မည့် ကုမ္ပဏီများအနေဖြင့် တိုင်းအစိုးရအဖွဲ့ရုံးတွင် တစ်နှစ်တစ်ကြိမ် မှတ်ပုံတင်ရသည်။ 

ပြီးခဲ့သည့်နှစ်က တိုင်းအစိုးရအဖွဲ့ရုံးတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၃၄၀ ခန့်ရှိကြောင်း အထက်ပါရုံးထံမှ သိရသည်။ 

Dawei Watch
The Voice


0 comments:

Post a Comment