အကျဉ်းကျခံနေရသူတွေကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာ ခွင့်ပေး လိုက်တယ်ဆိုပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ သတင်းအမှားရေး တင်ခဲ့သူကို ဆက်သွယ်ရေး ဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။
မန္တလေးတိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက တိုင်တန်းတဲ့အတွက် ကျော်ထွေးအမည်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်သုံးစွဲသူကို အောင်မြေသာစံမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
မတ်လ ၂၉ ရက်က ကျော်ထွေး အမည်နဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ “သမ္မတအမိန့်နဲ့ ပြန်လွတ်လာသူ ၈၀၀၀ ကျော်အနက် လွှတ်သင့်လွှတ်ထိုက်သူတွေသာ ရွေးချယ်စိစစ်ပြီး လွှတ်လိုက်တာတွေ့ရကြောင်း၊ တိုင်းပြည် ပြန်လည်ထူထောင်ရေးနဲ့ ပြည်သူအပေါ်မှာထားတဲ့ သမ္မတကြီးရဲ့ စိတ်စေတနာကို မြင်တွေ့နိုင်ပါလိမ်မယ်”လို့ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် အသက်အရွယ်ကြီးသူတွေ၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေ၊ တပ်မတော်အက်နဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အကျဉ်းကျနေသူတွေကို လွှတ်ပေးခြင်းဖြစ်ကြောင်းလည်း ရေးသားခဲ့ပါတယ်။
ဒီလို မဟုတ်မမှန် ရေးသားတဲ့ သတင်းအမှားကြောင့် အကျဉ်းသားတွေအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို စောင့်မျှော်နေတဲ့အပြင် လွတ်ငြိမ်းချမ်းသာခွင့်အပေါ် အကြောင်းပြုပြီး အကျဉ်းထောင်အတွင်း အဖျက်အမှောက်တွေဝင်ရောက်လာနိုင်ကာ အကျဉ်းထောင် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်နိုင်သလို ထောင်တွင်း ဆူပူအကြမ်းဖက်မှုတွေ ဖြစ်နိုင်လို့ အမှုဖွင့်တာလို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
DVB
0 comments:
Post a Comment