Wednesday, April 3, 2019

သတင်းဌာနများကို ခြိမ်းခြောက်စာပို့ခဲ့ခြင်းမရှိဟု အေအေငြင်းဆို၊ စာပို့သူကို စုံစမ်းဖော်ထုတ်မည်


သတင်းဌာနတွေကို ဗုံးခွဲတိုက်ခိုက်ဖို့ ခြိမ်းခြောက်စာ ပေးပို့ခဲ့ခြင်းမရှိတဲ့အကြောင်းနဲ့ အခုလို ခြိမ်းခြောက်စာပို့တဲ့သူတွေဟာ ဘယ်သူလဲဆိုတာ စုံစမ်းသွားမယ်လို့ ရက္ခိုင့်တပ်မတော် (အေအေ) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။ 
အေအေအဖွဲ့ကို အကြမ်းဖက်သောင်းကျန်းသူလို့ သုံးနှုန်းတဲ့ ပြည်တွင်းက သတင်းဌာနတချို့ကို ဗုံးခွဲမယ်လို့ ဧပြီ ၂ရက် မနက်ကစပြီး အေအေရဲ့ အမည်ကိုသုံးပြီး သတင်းမီဒီယာဌာနတွေရဲ့ အီးမေးလ်လိပ်စာတွေနဲ့ လူမှုကွန်ရက်စာမျက်နှာရဲ့ မက်ဆင်ဂျာက တဆင့် ခြိမ်းခြောက်စာတွေပေးပို့ နေတာ ဖြစ်ပါတယ်။ 

ခြိမ်းခြောက်စာပေးပို့ခံရတဲ့ သတင်းဌာနတွေထဲမှာ 7 Day၊ Mizzima နဲ့ Eleven မီဒီယာတို အပြင် အခြားသတင်းဌာန တချို့လည်းပါဝင်ပါတယ်။ 

ခုလိုခြိမ်းခြောက်စာပို့တာနဲ့ပတ်သက်လို့ ဒီဗွီဘီက မေးမြန်းရာမှာ အေအေပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “အဲ့လိုမျိုး ခြိမ်းခြောက်စာပို့တာမျိုး လုံးဝမရှိဘူးခင်ဗျ။ ကျနော်တိုနဲ့ အဲ့ဒီကိစ္စတွေနဲ့ လုံးဝ မပတ်သက်ဘူး။ ကျနော်တို့မှာ အဲလိုမျိုး ခြိမ်းခြောက်ပြောဆိုဖို့ အဲ့လိုမူဝါဒလုံးဝမရှိဘူး။”လို့ပြောပါတယ်။ 

ရခိုင်တွေဘက်ကပို့တာ လုံးဝမဖြစ်နိုင်တဲ့အကြောင်းနဲ့ အခုလိုခြိမ်းခြောက်ပို့ပေးတဲ့ သူတွေကို အေအေတပ်ဖွဲ့အနေနဲ့ စုံစမ်းဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။ 

“အဓိကသူတို့ ဦးတည်ချက်ကတော့ ရခိုင်ပြည်နယ်မြေပြင်ကို သတင်းထောက်တွေ မလာရဲအောင်တချက်ရယ်။ နောက်ပြီးတော့ သတင်းဌာနတွေနဲ့ အေအေအကြားမှာ ပိုပြီး အထင်အမြင်တွေ လွဲအောင် ယုံကြည်မှုတွေ ပျက်ပြားစေအောင် အဲ့လိုမျိုး ဖန်တီးတာလည်း ပါတယ်။ ရက္ခိုင့်တပ်မတော်ဆိုတဲ့ စာလုံးပေါင်းတောင် မှန်မှန်ကန်ကန်ရေးတတ်တာ မတွေ့ရဘူး”လို့ ခိုင်သုခက ပြောပါတယ်။ 

လွန်ခဲ့တဲ့တပတ်လောက်က ရခိုင်အခြေစိုက် ရခိုင်တိုင်းရင်းသားမီဒီယာတခုဖြစ်တဲ့ DMG သတင်းဌာနကို ခြိမ်းခြောက်တာတွေရှိတယ်လို့ DMG သတင်းဌာနရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးက ပြောပါတယ်။ 

“သိပ်မကြာသေးခင်က ကွန့်တွေမှာရော၊ မက်ဆင်ဂျာတွေက ရောခြိမ်းခြောက်ပြော ဆိုတာတွေရှိတယ်။ ပြီးတော့ ဖုန်းနဲ့ ခြိမ်းခြောက်တာတွေ ရှိတယ်။ ဂျာနယ်ဆက်ပြီးတော့ မထုတ်နဲ့ လို့ ခြိမ်းခြောက်လာတယ်။ ကျနော်ဆီကိုရော ဖုန်းနဲ့ ခြိမ်းခြောက်တာတွေရော။ နောက်ပြီးတော့ ကျနော်တို့ သတင်းဌာနက သတင်းထောက်တွေကိုရော ခြိမ်းခြောက်ပြောဆိုတာ ရှိပါတယ်။ သူတို့ပြောတာက နေပြည်တော်ကလို့ ပြောသွားတယ်။ ဘယ်ကလဲမေးတော့ မဖြေဘူး” 

အခုလိုဖုန်းနဲ့ ဆက်သွယ်ပြီးခြိမ်းခြောက်တဲ့အပါ် အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

DVB

0 comments:

Post a Comment