Wednesday, April 3, 2019

အမေရိကန်တွင် ဓာတုစက်ရုံ ပေါက်ကွဲမီးလောင်၊ လူ ၁ ဦး သေဆုံး


အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့နားက ဓာတုစက်ရုံတရုံမှာ ဧပြီ ၂ ရက်က ပေါက်ကွဲမီးလောင်မှုကြောင့် လူတဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။ 
ဒဏ်ရာရသူကို ရဟတ်ယာဉ်နဲ့ သယ်ထုတ်ကာ ဆေးရုံတင်ပို့ထားတယ်လို့ အရာရှိတွေက ပြောပြီး သူတို့ရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။ 

KMCO LLC လုပ်ငန်းရဲ့ စက်ရုံထဲမှာ မီးလောင်ခဲ့တာဖြစ်ပြီး လေယာဉ်ဆီထဲမှာပါတဲ့ အိုင်ဆိုအောက်တိန်း လုပ်ရာမှာသုံးတဲ့ အမြန်မီးလောင်လွယ်တဲ့ အိုင်ဆိုဗျူသလင်းတွေကို သိုလှောင်ထားတဲ့ ကန်နားမှာ စလောင်ခဲ့တာပါ။ 

ဓာတုစက်ရုံ ပေါက်ကွဲမီးလောင်မှုဖြစ်လို့ စက်ရုံရဲ့ဝန်းကျင် အချင်းတမိုင်အတွင်း နေကြတဲ့ ကျောင်းသားတွေ၊ ဒေသခံတွေ အိမ်ထဲမှာပဲ နေကြဖို့ အရာရှိတွေက ယာယီအမိန့် ထုတ်ပြန်ခဲ့ပါတယ်။ 

အမေရိကန် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီက လေထုညစ်ညမ်းမယ့် အခြေအနေ မတွေ့တာကြောင့် နောက်ပိုင်းမှာ အမိန့်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ 

မီးလောင်မှုဟာ ဒီဒေသထဲမှာပဲ အချိန်တလမပြည့်ခင် ဒုတိယမြောက် မီးလောင်မှုပါ။ 

မတ်လ ၁၇ ရက်က မစ်ဆူအီရဲ့ အင်တာကွန်တီနန်တယ် တာမင်နယ် ကုမ္ပဏီရဲ့ စက်ရုံအတွင်း ၃ ရက်ကြာ မီးလောင်ခဲ့ပါတယ်။

DVB

0 comments:

Post a Comment