ကျောက်ဖြူမြို့နယ် ရခိုင်အမျိုးသားပါတီ၏ အလုပ်အမှုဆောင်ကော်မတီဝင်များကို ပြန်လည်ရွေးချယ်ရာတွင် ပါတီလူငယ်ကော်မတီကိုပါ တိုးချဲ့ဖွဲ့စည်းလိုက်သည်။
ဧပြီလ ၂၁ ရက်မှ ၂၂ ရက်နေ့အထိ ပြုလုပ်သော အလုပ်အမှုဆောင်ကော်မတီဝင်များ ပြန်လည် ရွေးချယ် တင်မြှောက်ခြင်းအခမ်းအနားကို ကျောက်ဖြူမြို့ သိမ်တောင် ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ပြီးနောက် လူငယ်ကဏ္ဍနှင့် အမျိုးသမီးကဏ္ဍကို မြှင့်တင်ရန်အတွက် အသစ်ပြန်လည်ရွေးချယ်သည့် မြို့နယ်ပါတီ အလုပ် အမှုဆောင်ကော်မတီဝင်များထဲတွင် လူငယ်နှင့်အမျိုးသမီးများကို ထည့်သွင်းခဲ့ကြောင်း မြို့နယ် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးရန်မျိုးအောင်က ပြောသည်။
“ကျွန်တော်တို့အသစ်ပြန်လည်ဖွဲ့စည်းမယ့် ရခိုင်အမျိုးသားပါတီရဲ့ မြို့နယ်ကော်မတီမှာ လူငယ်ကော်မတီကို ကျွန်တော်တို့ နေရာ(၃)နေရာ သူတို့အတွက်ပေးထားပါတယ်၊ အမျိုး သမီးအခန်းကဏ္ဍကို ပြန်လည်မြှင့်တင်ဖို့လည်း ပါတီရဲ့ အလုပ်အမှုဆောင်ထဲမှာ အမျိုး သမီးတစ်ဦးကို မဖြစ်မနေထည့်သွင်းထားပါတယ် ” ဟု ဦးရန်မျိုးအောင်က ပြောသည်။
ကျောက်ဖြူမြို့နယ် ရခိုင်အမျိုးသားပါတီ အလုပ်အမှုဆောင်ကော်မတီရွေးချယ်တင်မြှောက် ခြင်းအခမ်းအနားတွင် ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးရွာမှ ပါတီကော်မတီဝင် များနှင့် လူငယ်ကော်မတီဝင်များ စုစုပေါင်း ၁၂၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။
ခိုင်မင်း(ကျောက်ဖြူ) / DMG
Development Media Group








0 comments:
Post a Comment