Tuesday, April 23, 2019

အင်းဝမြို့တည်ခဲ့သည့် သတိုးမင်းဖျားကြေးရုပ်တု ထားရှိနိုင်ရေးစလုပ်


ပထမအင်းဝမြို့ကို တည်ထောင်ခဲ့သည့် သတိုးမင်းဖျားကြေးရုပ်တုကို အင်းဝမြို့ဟောင်း၌ ထားရှိနိုင်ရေး စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မြန်မာမှုပညာရှင် တမ္မဝတီ ဦးဝင်းမောင်က ပြောကြားသည်။ 
သတိုးမင်းဖျားကြေးရုပ်တု သွန်းလုပ်နိုင်ရန် ၂၀၁၇ ခုနှစ် ဇွန်လမှ စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လတွင် ပြီးစီးခဲ့ကြောင်း၊ ရုပ်တုထားရှိနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ ခွင့်ပြုချက်တင်ခဲ့ရာ ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က ခွင့်ပြုပေးခဲ့ကြောင်း၊ ရုပ်တုထားရှိနိုင်ရန်အတွက် အောက်ခံခုံပြုလုပ်ခြင်း လုပ်ငန်းများကို ဧပြီလ ၂၃ ရက်နေ့မှစတင်ပြုလုပ်နေကြောင်း ၎င်းက ပြောကြားသည်။ 

'' အစကတော့ မြန်မာနှစ်ကူးမတိုင်ခင်ထားရှိသွားဖို့ စီစဉ်ခဲ့ပေမယ့် အခြားအလုပ်တွေရှိနေတာနဲ့ မလုပ်နိုင်ဘူးဖြစ်သွားတယ်။ အခုကတော့စလုပ်နေပြီ။ ဘယ်တော့ပြီးမယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး '' ဟု ၎င်းက ဆိုသည်။ 

သတိုးမင်းဖျားရုပ်တုသည် ကြေးပိဿာချိန် ၁၂၀၀ ခန့်အသုံးပြုကာ အမြင့် ၁၃ ပေခွဲရှိကြောင်း၊ အဝတ်အစားကို ပထမအင်းဝခေတ် အဝတ်အစားဟန်များအတိုင်းပြုလုပ်နိုင်ရန် နံရံဆေးရေးပန်းချီများကို လေ့လာခဲ့ရကြောင်း ကြေးရုပ်သွန်းလုပ်ခဲ့သည့် ပြည့်ဝမြန်မာ့လက်မှုကြေးသွန်းအနုပညာလုပ်ငန်းထံမှ သိရသည်။ 

သတိုးမင်းဖျားရုပ်တုပြုလုပ်နိုင်ရန် သီတဂူဆရာတော်က ကျပ်သိန်း ၆၀၀ ကျော်မတည်ခဲ့ကြောင်း၊ ယင်းရုပ်တုကို အင်းဝမြို့ဟောင်း၏ ပထမမြို့ဝင်ပေါက် အတွင်းဘက်တွင်ထားရှိမည်ဖြစ်သည်။ 

စစ်ကိုင်းမြို့ အိုးဘိုအဝိုင်းပတ်တွင် စစ်ကိုင်းမြို့တည်နန်းတည် အသင်္ခယာစောယွန်းရုပ်တုကို သီတဂူဆရာတော်ကြီး၏ လှူဒါန်းမှုဖြင့် ၂၀၁၅ ခုနှစ်က ထားရှိခဲ့သည်။ 

ပထမအင်းဝမြို့ကို စတင်တည်ထောင်ခဲ့သူမှာ တကောင်းမင်းဆက်မှ သတိုးမင်းဖျားဖြစ်ပြီး မြန်မာသက္ကရာဇ် ၇၂၆ ခုနှစ် တပေါင်လဆန်း ၆ ရက်၊ အေဒီ ၁၃၆၄ တွင် တည်ထောင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ 

ဓာတ်ပုံ-မြတ်မင်း
The Voice

0 comments:

Post a Comment