ကားမှန်အား ရိုက်ခွဲပြီး ကားအတွင်းမှ ငွေ သိန်း (၄၀၀ ) ကျော် အကြမ်းဖက် လုယက်မှု ကြို့ပင်ကောက်မြို့နယ်တွင် ဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ၊ အောင်ပင်သာအုပ်စု သခွပ်ကုန်းရွာအနီးရှိ ရန်ကုန် -ပြည် ကားလမ်းတွင် ဧပြီ (၂ )ရက် ည( ၇ ) နာရီ အချိန်ခန့်၌ ကြို့ပင်ကောက်မြို့သို့ မောင်းနှင်လာသော ခဲရောင်CALDINA YGN GG -9899 ကားမှ ယာဉ်မောင်း ကိုကျော်စည်သူအောင် ( ၃၀ )နှစ်အား ရိုက်နှက်၍ ကားပေါ်ပါလာသော ငွေကျပ် သိန်း ( ၄၀၄ ) ကျော်အား လုယက်သွားကြောင်း ကြို့ပင်ကောက်မြို့မရဲစခန်းမှတ်တမ်းအရ သိရသည်။
ဖြစ်စဉ်မှာ ပြည်မြို့ ၊ ထမကောက်အုပ်စု တီတွတ်စံပြရွာတွင် နေထိုင်သည့် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ ကိုကျော်စည်သူအောင်သည် ပြည်မြို့မှ တစ်ယောက်တည်း ကားဖြင့် နတ္တလင်းမြို့၊ ကြို့ပင်ကောက်မြို့သို့ ထွက်လာခဲ့ပြီး နတ္တလင်းမြို့ CB Bank ၌ ငွေကျပ်သိန်း (၂၀၂)ကျပ်အား သွင်းခဲ့ကြောင်း ပြောသည်။
၎င်းနောက်တွင် ကြို့ပင်ကောက်မြို့သို့ ဆက်လက်မောင်းနှင်ခဲ့ရာ သခွပ်ကုန်းရွာအနီးတွင် ကားဘီးပေါက်သံ ကြားသဖြင့် ဆင်းကြည့်ခဲ့ကြောင်း ကားရှေ့ဘီးတွင် သံနှစ်ချောင်း စူးဝင်နေသည်ကို တွေ့ရပြီး ၎င်းနောက်မှ ခြေသံကြားသဖြင့် လှည့်ကြည့်ရာ အမည်မသိ အမျိုးသား နှစ်ဦးအားတွေ့ရပြီး ၎င်း၏ဦးခေါင့်းအား ရိုက်လိုက်ရာ မူးဝေလဲကျသွားစဉ် ကားမှန်အားရိုက်ခွဲ၍ ကားထဲမှ ကမ္ဘောဇဘဏ် တံဆိပ်ပါ လက်စွဲအိတ်များဖြင့်ထည့်ထားသော ငွေ(၄၀၄)သိန်းကျပ်အား ယူဆောင်ကာ စမတ် အမျိုးအစား နက်ပြာရောင်ဆိုင်ကယ်ဖြင့် ကြို့ပင်ကောက်မြို့ ဘက်သို့မောင်းနှင်သွားသည်ကို မြင်ရကြောင်း ရိုက်နှက်ငွေလုခံရသူ ကိုကျော်စည်သူအောင်မှ ပြောသည်။
ယင်းကိစ္စနဲ့ပတ်သတ်၍ အမြန်ဆုံး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်နေပါကြောင်း ကြို့ပင်ကောက်မြို့မရဲစခန်းမှ ဒုရဲမှုး ခင်မောင်ကြည်မှ ပြောသည်။
အကြမ်းဖက် လုယက်ခံရမှုနှင့် ပတ်သက်၍ ကြို့ပင်ကောက်မြို့မရဲစခန်းမှ(ပ) ၁၇၃/၁၉ ရာဇသတ်ကြီးပုဒ်မ - ၃၉၄ ဖြင့် အမှုဖွင့်ထားရှိကြောင်း သတင်းရရှိသည်။
(ဇီးကုန်းသား)
Isee Media
0 comments:
Post a Comment