Wednesday, April 3, 2019

ဟာစဲဂါဝါ နံရိုးကျိုးပြီးအရေးပေါ်ခွဲစိတ်ကုသခဲ့ရ အမြန်ဆုံးပြန်ကောင်းလာစေရန် အောင်လဆုတောင်း


မတ် ၃၁ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော One Championship ပြိုင်ပွဲ၏ A New Era ပွဲ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ခါးပတ်ကာကွယ်ပွဲတွင် မြန်မာကိုယ်စားပြု အောင်လ အင်န်ဆန်းကို ဒုတိယအချီတွင် အလဲထိုးဖြင့်ရှုံးနိမ့်ခဲ့ရ သည့် ဂျပန်တိုက်ခိုက်ရေးသမား ဟာစဲဂါဝါသည် နံရိုးကျိုး ကာ အဆုတ်ကိုစိုက်သွားခဲ့ခြင်းကြောင့် ၀မ်းတွင်း သွေး နှစ်လီတာအထိထွက်ကာ သွေးမရပ်တန့်နိုင်သဖြင့် အရေး ပေါ် ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း ဂျပန်သတင်းဝက်ဘ် ဆိုက်များက အတည်ပြုဖော်ပြခဲ့ကြသည်။ 
ထိုပွဲတွင် အောင်လအင်န်ဆန်း၏ ခြေကန်ချက် များစွာသည် ဟာစဲဂါဝါ၏ ဘယ်နံကြားသို့ ပြင်းထန်စွာ ထိမှန်ပြီး အရေပြားအပြင်ဘက်တွင်ပင် သွေးချေဥများ အတိုင်းသားမြင်ခဲ့ရသည်။ ထို့ကြောင့် ဆေးရုံတင်ခဲ့ရာ တွင် သွေးမတိတ်ဘဲ သွေးနှစ်လီတာကျော်ကို ခွဲစိတ်ကာ ထုတ်ယူပြီး အရေးပေါ်ခွဲစိတ်ကုသခဲ့ရာ အောင်မြင်ခဲ့ ကြောင်း သိရသည်။ 

ဟာစဲဂါဝါကိုယ်တိုင်က ၎င်း၏တွစ်တာတွင် ''ကျွန်တော့်ကို ထောက်ခံအားပေးခဲ့သူတွေအားလုံးအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ အားပေးမှုတွေအတွက် ကျေးဇူးပါ။ ကျွန်တော် ဆေးရုံပြန်တက်ရပါမယ်။ ကျွန် တော့်အဆုတ်မှာ သွေးထွက်နေလို့ ဆေးရုံတက်ကုသရ မှာပါ။ ဒီနေ့ ICU လုပ်တယ်။အဆုတ်က ထွက်တဲ့ သွေးနှစ်လီတာလောက် ကိုယ်တွင်းမှာ ထွက်နေလို့အချိန်မီ ကုသပျောက်ကင်းနိုင်အောင်လုပ်ရမှာပါ။ အတွင်းကလီစာတွေဆီသွေးတွေယိုစီးစေတဲ့အတွက် အရေးပေါ်ခွဲစိတ်ကုသမှုခံယူဖို့ဆုံးဖြတ်ခဲ့တယ်။ ညဥ့်သန်းခေါင်မှာ ခွဲစိတ်ခဲ့တယ်။ အခြေအနေကောင်းပါတယ်။ ကျွန်တော်ဟာ တော်ရုံနဲ့ခွဲစိတ်ခံတဲ့သူ မဟုတ်ပါဘူး။ သုံးလေးရက်လောက်ဆေးရုံမှာနေပြီး ဆင်းနိုင်မယ်လို့မျှော်လင့်ထားပါတယ်''ဟု ဧပြီ ၁ ရက် တွင်ရေးတင်ခဲ့သည်။ ထိုပို့စ်တွင် အဆုတ်မှထွက်သည့် သွေးများကို စုပ်ယူထားသောဖန်ပြွန်ပုံကိုလည်း ဟာစဲဂါဝါက ပရိသတ်ကို ပြသခဲ့သည်။ 

ထိုသတင်း ပျံ့နှံ့သွားပြီးနောက်အောင်လအင်န်ဆန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ''ဟာစဲဂါဝါအတွက် အမြန်ဆုံးနေပြန်ကောင်းလာရန် ဆုတောင်းစကားရေးတင်သွားခဲ့သည်။ ဟာစဲဂါဝါအမြန်ဆုံးပြန်ကောင်းလာစေဖို့ ဆုတောင်းပါတယ်။ ခင်ဗျားဟာအသန်မာဆုံးအဖြစ်နဲ့ ပြန်လာနိုင်မယ်လို့လည်း သိပါတယ်။ကျွန်တော့်ကို ပိုမိုကောင်းမွန်တဲ့ တိုက်ခိုက်ရေးသမားဖြစ်အောင် ခင်ဗျားကလုပ်ပေးနိုင်စွမ်းခဲ့တယ်။ ခင်ဗျားရဲ့ မာကျောမှု၊ဆာမူရိုင်း စိတ်ဓာတ်ရှိမှုတွေကြောင့် လေးစားမိပါတယ်။ ခင်ဗျားနဲ့ သံဆန်ခါကြိုးဝိုင်းထဲ အတူတိုက်ခိုက်ခဲ့ဖူးလို့ ဂုဏ်ယူပါတယ်။ကျွန်တော်တို့ ဆူရှီအတူစားဖို့ အကြွေးတင်နေတယ်လို့ ပြောကြတယ်။ ဒါကြောင့်မကြာခင် တွေ့ချင်ပါတယ် သူငယ်ချင်း။သံဆန်ခါကြိုးဝိုင်းထဲမှာတော့မဟုတ်ဘူး''ဟု ရေးသားဖော်ပြခဲ့သည်။ 

သတင်း - သန့်ဇင်ဝင်း
The Standard Time Daily 

0 comments:

Post a Comment