Monday, July 1, 2019

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အဖွဲ့အစည်းများကြားတွင် အဟန့်အတားနှင့် အကြပ်အတည်း ပိုများလာ




၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံအား မကျင်းပနိုင်သေးခြင်းအပါအဝင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အဖွဲ့အစည်းများကြားတွင် အဟန့်အတာနှင့် အခက်အခဲ အကြပ်အတည်းသည် ပို၍များလာကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူးဖြစ်သူ ဦးစိုင်းကျော်ညွန့်က ဇူလိုင် ၁ ရက်နေ့က ပြောသည်။ 
လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် တစ်ဆို့နေသော်လည်း နှစ်ဘက်သောအဖွဲ့အစည်းများသည် ကျော်လွှားနိုင်မည့် နည်းလမ်းများကို ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း ၎င်းကဆိုသည်။ 
"တစ်ပူပေါ်နှစ်ပူဆင့်ပြီးတော့ ပြဿနာတွေ၊ အခက်အခဲ၊ အကြပ်အတည်း၊ အဟန့်အတားတွေက ပိုပိုပြီးများလာတယ်။ တကယ်တန်းက ကျော်လွှားနိုင်မယ့် နည်းလမ်းကို မဖြေရှင်းကြဘူး။ အဲ့ဒါက ပြန်ပြီးတော့ သုံးသပ်ရမှာက ၂၀၂၀ များ နီးလာလို့လား၊ အခုက ဘယ်သူမှ မလျော့ချင်ကြဘူး" ဟု ဦးစိုင်းကျော်ညွန့်က ပြောသည်။ 
ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ကြိုးစားဆောင်ရွက်လျက်ရှိသော်လည်း ၄င်းတို့၏ ကြိုးစားဆောင်ရွက်ချက်များသည် အဖြေထုတ်နိုင်ခြင်း မရှိသည့်အတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများအပေါ်တွင် မေးခွန်းထုတ်ရန်လိုသည့် အနေအထားဖြစ်နေကြောင်း ၎င်းက ဆိုသည်။ 
“အမှန်က ဒီပြဿနာကို အမှန်တကယ်ကော ဖြေရှင်းချင်သလားဆိုတာကို အစိုးရကိုရော တပ်မတော်ကိုရော EAOs မေးခွန်းထုတ်ရမလိုဖြစ်နေပြီ" ဟု ဦးစိုင်းကျော်ညွန့်က ပြောသည်။ 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအား ၂၀၂၀ မတိုင်မီ သုံးကြိမ် ကျင်းပမည်ဟု အစိုးရမှ ပြောဆိုထားသော်လည်း NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် တရားဝင်တွေ့ဆုံပွဲများကို ရပ်ဆိုင်းခြင်း အပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလည်း ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ 
နိုင်နိုင်း
Isee Media 
 

0 comments:

Post a Comment