Monday, May 25, 2020

AA အကြမ်းဖက်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သည်ဆိုသော ရသေ့တောင်ကျန်းမာရေးမှူး ၉ ရက် ကြာသည်အထိ သတင်းအစအနမရဖြစ်နေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကုန်းတန်းကျေးလက်ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးမှူး ဦးစိုးသူဝင်းကို AA အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်သွားမှုမှာ ၉ ရက်ကြာလာပြီဖြစ်သော်လည်း သတင်းအစအနမရဖြစ်နေကြောင်း အခြေခံကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"ကျနော်တို့သိထားတာ ကျန်းမာရေးမှူး ဦးစိုးသူဝင်းကို မေလ ၁၆ ရက်နေ့ နေ့လယ်မှာ ဖမ်းသွားတယ်ပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ အခြေခံကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကြေညာ ချက်လည်း ထုတ်ပြန်ထားပါတယ်။ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ပါ။ အခုထက်ထိတော့ ကျနော်တို့ ဘာသတင်းအစအနမှ မရသေးပါဘူး။ ဦးစိုးသူဝင်း ပြန်လွတ်မြောက်ရေးကို အခြေခံကျန်းမာရေးတက္ကသိုလ်ကျောင်း သားဟောင်းများအဖွဲ့က လည်း လုပ်ဆောင်နေပါတယ်" ဟု အခြေခံကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူက ပြောဆိုသည်။
ဦးစိုးသူဝင်းသည် ကျေးလက်နေပြည်သူများ၏ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသော ကျန်းမာ ရေးမှူးတစ်ဦးဖြစ်၍ ပြည်သူလူထုအကျိုး ရှေးရှုပြီး ပြန်လွှတ်ပေးရန်လည်း တောင်းဆိုထားသည်။
ကျန်းမာရေးမှူး ဦးစိုးသူဝင်းကို ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး AA မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရရှိသဖြင့် အဆိုပါ ကျန်းမာရေးမှူးကို AA က ဖမ်းဆီးခြင်း ဟုတ်၊ မဟုတ်ကိုလည်း ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။
ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်တပ်ဖွဲ့အများအကြား တိုက်ပွဲများနှင့် လုံခြုံရေးအကြောင်းပြ သံသယများဖြင့် အရပ်သားများ ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ထိခိုက်ခြင်းများ မကြာခဏဆိုသလို ဖြစ်ပေါ်နေသော်လည်း မည်သည့် လက်နက်ကိုင်တပ်ဖွဲ့က မှ ၎င်းတို့၏ လက်ချက်ဟု တာဝန်ယူ ပြောဆိုခြင်းမရှိဘဲ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပြစ်တင် စွပ်စွဲ သတင်းထုတ်ပြန်လေ့ရှိသည်။
ရခိုင်ပြည်နယ်တွင် သတင်းထောက်များ သတင်းရယူခွင့်ကိုလည်း အစိုးရက ပိတ်ပင်ထားပြီး အင်တာနက်များကိုလည်း မြို့နယ်အများစုတွင် ဖြတ်တောက် ပိတ်ပင်ထားသည်။
Source - Khit Thit Media

0 comments:

Post a Comment