စက်သုံးဆီ စျေးနှုန်းတွေ ဆက်တိုက်ကျဆင်းနေချိန်မှာ မွန်ပြည်နယ်မှာ ခရီးသည်တင်ယာဉ်တွေကို ယာဉ်စီးခ နှစ်ဆတိုးမြှင့် ကောက်ခံခွင့်ပေးတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
မွန်ပြည်နယ်မှာ COVID-19 ရောဂါကြောင့် ခရီးသည်တင်ယာဉ်တွေအနေနဲ့ ထိုင် ၂ ခုံ မှာ ခရီးသည် ၁ ဦးသာ တင်ဆောင်ပြီး ယာဉ်စီးခ ၂ ဆ ကောက်ခံခွင့်ကို မွန်ပြည်နယ် အစိုးရအဖွဲ့က ဧပြီ ၃၀ ရက်နေ့မှာ ပေးအပ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီလို ယာဉ်စီးခ ၂ ဆ ကောက်ခံခွင့် ပေးအပ်တဲ့အတွက်ကြောင့် ဝေဖန်မှုတွေ ရှိနေတာပါ။ လက်ရှိမှာတော့ စက်သုံးဆီ စျေးနှုန်းဟာ အရင်ကထက်စာရင် ၂ ဆ နီးပါး ကျဆင်းလာတာ ဖြစ်ပြီး ၁ လီတာကို ကျပ် ၃၈၀ ဝန်ကျင်သာ ရှိနေပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ COVID-19 အကျပ်အတည်းကြောင့် အခက်အခဲ မျိုးစုံ ရင်ဆိုင်နေရတဲ့ အချိန်မှာ အခုလို ယာဉ်စီးခ ၂ ဆ ပေးဆောင်ရမယ့် ကိစ္စဟာ ဝန်ထုပ်ဝန်ပိုး တခု ထပ်ဖြစ်လာနိုင်တယ်လို့ သထုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောပါတယ်။
ဒါကြောင့် အခုကိစ္စကို အစိုးရအနေနဲ့ ပြန်လည်သုံးသပ်စဉ်းစားတာတွေ လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတော့ ခရီးသည်တင်ယာဉ်တွေကို ထိုင်ခုံ ၂ ခုကို ၁ ဦးသာ တင်ဆောင်ခွင့် ပေးအပ်ထားလို့ အခုလို ယာဉ်စီးခ ၂ ဆ တိုးမြှင့် ကောက်ခံခွင့်ပေးရတာ ဖြစ်တယ်လို့ပြောပါတယ်။
မွန်ပြည်နယ်တော့ အခုအခါ ခရီးတင်ယာဉ်လိုင်း ၁၀ လိုင်းလောက် စတင်ပြေးဆွဲနေတာ ဖြစ်ပြီး အများစုကတော့ မော်လမြိုင်- ရန်ကုန်ကို ပြေးဆွဲနေကြတာ ဖြစ်ပါတယ်။ ဒီလို ပြေးဆွဲရာမှာ ယာဉ်းစီးခကို ခရီးသည်တွေနဲ့ ညှိနှိုင်းပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးနေတယ်လို့ အောင်ကျော်မိုးယာဉ်လိုင်း ဥက္ကဋ္ဌ ဒေါ်စုမြတ်လှိုင်က ပြောပါတယ်။
လက်ရှိမှာတော့ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို COVID-19 ရောဂါကြောင့် ခရီးသည် တဝက်သာ တင်ဆောင်ဖို့နဲ့ ယာဉ်စီးသူအားလုံးကို Mask တပ်ဆင်ပေးဖို့ အပါအဝင် ယာဉ်ကို တစ်ခေါက် ပြေးဆွဲပြီးတိုင်း ပိုးသတ်ဆေးဖြန့်ဖို့ ညွှန်ကြားထားပါတယ်။
ညွှန်ကြားမလိုက်နာတဲ့ ယာဉ်လိုင်းတွေကိုတော့ ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ မွန်ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ပြောပါတယ်။
Ref ; DVB
0 comments:
Post a Comment