Monday, May 25, 2020

ကျိုင်းတုံ ကိုဗစ်လူနာ အမှတ် ၆၄ ယနေ့ထိ Positive ဖြစ်နေဆဲ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ဆေးကုသနေသည့် Covid-19 လူနာအမှတ် ၆၄ ၏ ဓာတ်ခွဲ အဖြေမှာ ယနေ့ထိ Positive ဖြစ်နေသေးကြောင်း သိရသည်။ လူနာအမှတ် ၆၄ သည် အသက် ၂၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၆ ကြိမ်မြောက် ဓါတ်ခွဲအဖြေစစ်ဆေးရာ Positive ဖြစ်ကြောင်း ကျိုင်းတုံပြည်သူ့ဆေးရုံ ဒေါက်တာလှဌေးမင်း ကပြောသည်။
“ လူနာ ၆၄ က ခုထိ positive ဖြစ်နေတုန်းပဲ။ သူ့ ကျန်းမာရေး အခြေနေတော့ ကောင်းတယ်”ဟု ဒေါက်တာလှဌေးမင်း ကပြောသည်။ ယနေ့ (မေလ ၂၅ ) လူနာ အမှတ် ၆၄ ၏ ဓါတ်ခွဲ အဖြေကို ၇ ကြိမ်မြောက် ပြန် လည် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
လူနာ အမှတ် ၆၄ သည် ရန်ကုန်မြို့တွင် ကျင်းပသည့် ဘာသာရေးပွဲမှ ပြန်လာသူဖြစ်ပြီး ဧပြီ ၁၅ ရက်နေ့တွင် အတည်ပြုလူနာ အမှတ် ၆၄ အဖြစ် ဓါတ်ခွဲအဖြေအရ ထွက်ရှိလာပြီး သျှမ်းပြည်အရှေ့ပိုင်း၏ ပထမဆုံး Covid-19 အတည်ပြုလူနာ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် Covid-19 positive ဖြစ်သူ ၂၀၁ ဦး ၊ ပြန်လည်သက်သာလာသူ ၁၂၂ ဦး နှင့် သေဆုံးသူ ၆ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
သျှမ်းပြည်နယ်တွင် Covid-19 positive ဖြစ်သူ ၁ ဦး သာ ကျန်ရှိတော့ကြောင်း စုံစမ်းသိရှိရသည်။
Ref ; SHAN News

0 comments:

Post a Comment