Tuesday, February 26, 2019

ထိုင်းနိုင်ငံ မဟာချိုင်တွင် သေနတ်ပစ်ခံရသဖြင့် မြန်မာလုပ်သား သုံးဦး ဒဏ်ရာရ



ထိုင်းနိုင်ငံ မဟာချိုင်နယ် မြေ၌ မြန်မာလုပ်သားများ သေ နတ်ဖြင့် ပစ်ခတ်ခံရမှုဖြစ်ပွားပြီး သုံးဦးဒဏ်ရာ ရရှိခဲ့သည်။ ထိုင်းနိုင်ငံသား အနည်းဆုံး သုံးဦးခန့်သည် ဖေဖော်ဝါရီ ၂၄ ရက်ညက သေနတ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် မြန်မာလုပ် သား အသက်(၁၉)နှစ်အရွယ် ၀င်းထက်နိုင်၊ (၂၂)နှစ် အရွယ် ရဲထက်နိုင်နှင့်(၂၄)နှစ်အရွယ် သီဟအောင်တို့ ဒဏ်ရာရရှိပြီး စမွတ်ဆာခွန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း မဟာချိုင်ရှိ မြန်မာလုပ်သားများအရေး ကူညီပေးနေ သော အလုပ်ဟစ်တိုင်မှ ကိုစော မောင်က ပြောသည်။ 
‘‘ဒဏ်ရာတွေက မစိုးရိမ်ရ ဘူးပြောတယ်။ သေနတ်နဲ့ ပစ်တဲ့ သူတွကို ရဲတပ်ဖွဲ့က လိုက်လံဖမ်း ဆီးနေပြီလို့ သိရတယ်။ ရဲမှူးကြီး ကိုယ်တိုင်ကလည်း ဖမ်းဆီးမယ် လို့ ပြောထားတယ်’’ဟု ကိုစော မောင်က ပြောသည်။ 

သေနတ်ဖြင့် ပစ်ခတ်ခံရ သော မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံသားတစ်ဦး၏ ဟင်းသီး ဟင်းရွက်ရောင်းချသော ဒိုင်တွင် အလုပ်လုပ်ကိုင်သူများဖြစ်ပြီး ဖေ ဖော်ဝါရီ ၂၁ ရက်က မဟာချိုင် ဈေးအတွင်းရှိ ထိုင်းနိုင်ငံသား အ ချို့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်။ 

မဟာချိုင်ဈေးတွင် ၀က်သားရောင်းသော ထိုင်းနိုင်ငံသားတစ် ဦး၏ဇနီးက ၀င်းထက်နိုင်၏ ကိုယ်ရေးကိုယ်တာ အကြောင်းများ ပြောရာမှ စကားများရန်ဖြစ်ပြီး အခြားထိုင်းနိုင်ငံသားငါးဦးကိုခေါ်၍ ၀င်းထက်နိုင်ကို တိုက်ခိုက်ခဲ့သည်။ 

ယင်းကို ၀င်းထက်နိုင်၏ အလုပ်ရှင် ထိုင်းအမျိုးသားက မဟာချိုင်ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားသည်။ 

ထို့အပြင် ဖေဖော်ဝါရီ ၂၄ ရက် ညတွင် ၀င်းထက်နိုင်ရှိသော နေရာသို့ ထပ်မံလာရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ 

မြန်မာလုပ်သားများ သေ နတ်ဖြင့်ပစ်ခတ်ခံရမှု၊ တရားခံ ထိုင်းနိုင်ငံသားများကို ဖမ်းဆီးအရေးယူမှုများနှင့်ပတ်သက်ပြီး အကျိုးဆက်အဖြစ် နောက်ဆက်တွဲ ပြဿနာထပ်မံဖြစ်ပွားမည်ကို မဟာချိုင်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများက စိုးရိမ်နေကြောင်း ထိုင်းရောက် မြန်မာလုပ်သားများအရေး ကူညီ ပေးနေသော မြန်မာအဖွဲ့အစည်း များက ပြောသည်။ 

မဟာချိုင်တွင် ရွှေ့ပြောင်း မြန်မာလုပ်သား လေးသိန်းခန့် အ လုပ်လုပ်ကိုင်နေသည်။


7Day

0 comments:

Post a Comment