Tuesday, February 26, 2019

မင်းလှတွင်ဖမ်းမိသော ဘင်္ဂါလီ ၄၁ ဦးကို ထောင် ၂ နှစ်စီချ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းမှလာပြီး မကွေးတိုင်း၊ မင်းလှမြို့နယ်တွင်ဖမ်းမိသော ဘင်္ဂါလီ ၄၁ ဦး (ကျား ၃၆ ဦး၊ မ ၅ ဦး) ကို မင်းလှမြို့နယ်တရားရုံးက မှတ်ပုံတင်အက်ဥပဒေ ၆၂၊ ၆၃ အရ ထောင်ဒဏ် ၂ နှစ်စီကျခံရန် ဖေဖော်ဝါရီ ၂၅ ရက်တွင် အမိန့်ချခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးထင်အောင်လင်းက ပြောကြားသည်။ 
ကျောက်တော်မြို့နယ်မှလာပြီး ရန်ကုန်မှတစ်ဆင့် မလေးရှားသို့ သွားမည်ဆိုသော ၎င်းတို့ကို ဖေဖော်ဝါရီလ ၁၃ ရက်က မင်းလှမြို့နယ် ဝက်သွယ်ရွာ၏မြောက်ဘက်တောအတွင်းမှ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့(၄၁ ဦး) နှင့်အတူ ရင်ခွင်ပိုက်ကလေးနှစ်ဦးပါ၍ ကလေးနှစ်ဦးကိုမူ လူမှုဖူလုံရေးဌာနက စောင့်ရှောက်ပေးထားမည်ဖြစ်ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ 

ရဲမှူးထင်အောင်လင်းက “ပြစ်ဒဏ်ကတော့ ၂ နှစ်ဖြစ်ပါတယ်။ အသက်မပြည့်သေးတဲ့သူတွေကို အပိုင်းအခြားရှိပါတယ်။ ကလေးသူငယ်ရယ်၊ လူငယ်ရယ် နှစ်မျိုးရှိပါတယ်။ အသက် ၁၄ နှစ်ကနေ ၁၈ နှစ်ဆိုရင်တော့ မန္တလေးလူငယ်ထောင်ကို ပို့ပါတယ်။ အသက် ၁၄ နှစ်အောက်ဆိုရင်တော့ မန္တလေးလူငယ်ပြုပြင်ထိန်းသိမ်းရေးကို ပို့ပါတယ်။ အဲဒီအောက်မှာ လေးနှစ်အောက် ရင်ခွင်ပိုက်ကလေး၊ ထောင်ကလက်မခံတဲ့ကလေးတွေကို မကွေးမြို့ လူမှုဖူလုံရေးဌာနကိုပို့ပေးတယ်။ ကလေးမိခင်တွေ ထောင်ကမလွတ်မချင်း လူမှုဖူလုံရေးဌာနက စောင့်ရှောက်ပေးထားပါတယ်” ပြောဆိုသည်။ 

တရားရုံးမှအမိန့်ချသည့်အထဲတွင် အသက် ၁၈ နှစ်အထက် ၂၅ ဦးကို သရက်အကျဉ်းထောင်သို့လည်းကောင်း၊ အသက် ၁၈ နှစ်အောက် လူငယ် ၁၆ ဦးကို မန္တလေးလူငယ်ထောင်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ၁၂ ရက်က ဖမ်းမိခဲ့သော ဘင်္ဂါလီ ၂၈ ဦးကိုမူ ယင်းမြို့နယ်တရားရုံးက စစ်ဆေးနေဆဲဖြစ်ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice

0 comments:

Post a Comment