Tuesday, February 26, 2019

ဆုံးရှုံးနိုင်ခြေများသည့် အာမခံအမျိုးအစားများကို တစ်ဆင့်ခံအာမခံလိုင်စင်ထုတ်ပေးရန် စီစဉ်

ဆုံးရှုံးခြေများသည့် အာမခအမျိုးအစားများကို တစ်ဆင့်ခံအာမခံလိုင်စင် (Re-insurance) ကို ထုတ်ပေးနိုင်ရန် စဉ်းစားနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ 
“လေယာဉ်တစ်စင်း တန်ဖိုးတို့၊ သင်္ဘောတစ်စင်း တန်ဖိုးဆိုတာ ဘီလီယံနဲ့ ချီပြီးရှိတယ်။ ပြီးတော့ သီးနှံအာမခံလိုမျိုး ဧက သောင်းချီ သိန်းချီ ရှိတာမျိုးဆိုရင် တစ်ခုခုဖြစ်ရင် လျော်ကြေးကများတဲ့အတွက် ဒီလိုမျိုးအာမခံတွေအတွက် တစ်ဆင့်ခံအာမခံဆိုတာမျိုးပေးဖို့ စဉ်းစားထားတာရှိပါတယ်။ ဒါတွေက လုပ်ထုံးလုပ်နည်းတွေ အဆင့်ဆင့်ရှိသေးတယ်။ ဆွေးနွေးစရာတွေလည်းရှိတဲ့အတွက် နောက်ပိုင်းမှာ တဖြည်းဖြည်းဖြစ်လာမှာပါ”ဟု ၎င်းက ဆိုသည်။ 

တစ်ဆင့်ခံအာမခံလုပ်ငန်းဆိုသည်မှာ တန်ဖိုးကြီးမားသည့်ပစ္စည်းများကို ပြည်တွင်းအာမခံကုမ္ပဏီထံ အာမခံထားသည့်အခါ တစ်စုံတစ်ခုဖြစ်ပါက ကုမ္ပဏီမှအားလုံးအလျော်ပေးရလျှင် အခက်အခဲဖြစ်နိုင်သည့်အတွက် နိုင်ငံခြားအာမခံဈေးကွက်တွင် ထပ်ဆင့်အာမခံထားခြင်းဖြစ်သည်။ 

ပြည်တွင်းဈေးကွက်တွင် တစ်ဆင့်ခံအာမခံထားရသည့် လုပ်ငန်းများမှာ တန်ဖိုးကြီးမားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းကြီးများဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံတကာအာမခံဈေးကွက်တွင် အဆိုပါလုပ်ငန်း၏ တန်ဖိုးတစ်ခုကို ထပ်ဆင့်အာမခံထားလေ့ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးက ရှင်းပြသည်။ 

ပုဂ္ဂလိကအာမခံကုမ္ပဏီများအနေဖြင့် တစ်ဆင့်ခံအာမခံလုပ်ငန်းလိုင်စင်ကိုမရရှိသေးဘဲ အာမခံငွေပမာဏ သန်း ၅၀၀ ထက်ပိုလျှင် မြန်မာ့အာမခံလုပ်ငန်းသို့ အာမခံထပ်ဆင့်တင်ရသည့်စနစ်ဖြင့်သာ လုပ်ကိုင်ဆောင်ရွက်နေရကြောင်း ဂလိုဘယ်ဝေါလ်အာမခံကုမ္ပဏီ ဒါရိုက်တာ ဦးစိုးဝင်းသန့်က ပြောကြားသည်။ 

“သီးနှံအာမခံဆိုတာ တကယ်ဖြစ်လာရင် အရမ်းကို ဆုံးရှုံးနိုင်ခြေရှိတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် တစ်ဆင်ခံအာမခံမျိုး ပေးရင်ပိုပြီး ကောင်းလာနိုင်တယ်။ လုပ်ငန်းတွေလည်း တွင်ကျယ်လာနိုင်တယ်”ဟု ၎င်းက ရှင်းပြသည်။ 

တစ်ဆင့်ခံ အာမခံလုပ်ငန်းသည် ပြည်တွင်းတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပါက ဆုံးရှုံးနိုင်ခြေပမာဏများပြားသည့် သီးနှံအာမခံစနစ်ကို အာမခံကုမ္ပဏီများအနေဖြင့် ဆောင်ရွက်ရန် စိတ်ဝင်စားလာမည်ဖြစ်သည်။

The Voice
Tuesday, February 26, 2019

0 comments:

Post a Comment