Tuesday, February 26, 2019

နိုင်ဂျီးရီးယားရွေးကောက်ပွဲ အကြမ်းဖက်မှုတွင် ၃၉ ဦး သေဆုံး


နိုင်ဂျီးရီးယားတွင် စနေနေ့က သမ္မတ ရွေးကောက်ပွဲများအပြီး အကြမ်းဖက်မှု ဖြစ်စဉ်များအတွင်း ၃၉ ဦးအထိ သေဆုံးခဲ့ သည်ဟု DW သတင်းတွင်ဖော်ပြထားသည်။ 
နိုင်ဂျီးရီးယားသမ္မတရွေးကောက်ပွဲ မဲရေတွက်မှု ဒုတိယနေ့အပြီး ဆူပူအုံကြွမှုများကြောင့် ၃၉ ဦး သေဆုံးခဲ့သည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောကြားသည်။ ရွေးကောက်ပွဲဆက်စပ် အကြမ်းဖက်မှုများကြောင့် ၁၂၈ ဦးကို ဖမ်းဆီးထားသည်ဟု နိုင်ဂျီးရီးယားရဲက ပြောကြားသည်။ 

ရွေးကောက်ပွဲ အနိုင်ရသူကို တနင်္လာနေ့တွင် ရွေးကောက်ပွဲအာဏာပိုင်များက ကြေညာမည်ဟု မျှော်လင့်ရသည်။ 

စနေနေ့က သမ္မတရွေးကောက်ပွဲများသည် ရွေးကောက်ပွဲကော်မရှင်၏ ထောက်ပံ့ပို့ဆောင်ရေး ပြဿနာများ အကြောင်းပြ ရွှေ့ဆိုင်းမှုကြောင့် သီတင်းတစ်ပတ် နှောင့်နှေးခဲ့ပြီး နောက်ဆုံးမိနစ်အထိ အခက်အခဲများ ရှိနေခဲ့သည်။ 

ရွေးကောက်ပွဲတွင် စစ်အာဏာရှင်ဟောင်း ဘူဟာရီ ၇၆ နှစ်သည် ဒုတိယသက်တမ်းအတွက် ထပ်မံကြိုးစားခဲ့ပြီး ၎င်းအား ဒုတိယသမ္မတဟောင်း လုပ်ငန်းရှင် အဘူဘေကာ ၇၂ နှစ်က စိန်ခေါ်ယှဉ်ပြိုင်ခဲ့သည်။ 

တရားဝင် မဲရလဒ်များကို တနင်္လာနေ့ကျမှ အစောဆုံး ကြေညာနိုင်ဖွယ်ရှိပြီး တနင်္ဂနွေနေ့အထိ မဲများကို ရေတွက်နေရဆဲဖြစ်သည်။ နှစ်ဦးစလုံးကမူ အနိုင်ရကြောင်း ထုတ်ဖော်ပြောဆိုနေကြသည်။ 

ရွေးကောက်ပွဲကျင်းပပြီးကတည်းက အကြမ်းဖက်မှုများကြောင့် သေဆုံးသူ ၃၉ ဦးအထိ ရှိသွားပြီဟု အရပ်ဖက်သင်းပင်း အဖွဲ့ ၇၀ ကျော် စုစည်းထားသော Situation Room အုပ်စုက ထုတ်ပြန်ထားသည်။ 

အဆိုပါကိန်းဂဏန်းကို အာဏာပိုင်များက အတည်ပြုခြင်း မရှိသော်လည်း မဲရလဒ်များ ထုတ်ပြန်ကြေညာချိန်တွင် နောက်ထပ်ဆူပူမှုများ ဖြစ်ပွားနိုင်ခြင်းကြောင့် ကြိုတင်ပြင်ဆင်နေကြသည်။ 

အဆိုးဆုံးဖြစ်ရပ်မှာ ဟားကုတ်ရေနံ ဆိပ်ကမ်း၏ အနောက်ဘက် ၁၄ ကီလိုမီတာ အကွာရှိ ရီဗားပြည်နယ် အဘော်နီမာမြို့တွင် စစ်သားများနှင့် အမည်မသိဂိုဏ်းအကြား ပစ်ခတ်မှုဖြစ်ပြီး ၇ ဦး သေဆုံးခဲ့သည်။ သေနတ်သမားများက မြို့အဝင်လမ်းမကြီးကို ပိတ်ဆို့ကာ စစ်တပ်ကို ခြုံခိုတိုက်ခိုက်မှုကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရသည်ဟု နိုင်ဂျီးရီးယားစစ်ဘက်က ပြောကြားသည်။ 

ရွေးကောက်ပွဲဆက်စပ် ရာဇဝတ်မှုများကြောင့် ၁၂၈ ဦးကို ဖမ်းဆီးထားပြီး မဲပုံးခိုးပြေးခြင်း၊ မဲဝယ်ခြင်း၊ အယောင်ဆောင်ခြင်း စသောအမှုများ ပါဝင်သည်ဟု ရဲက ပြောကြားသည်။ 

နိုင်ဂျီးရီးယားသည် အာဖရိကတွင် လူနေထူထပ်သော စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်ပြီး စနေနေ့က ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသော ပြည်သူအရေအတွက် ၇၂ သန်းရှိသည်။ 

The Voice

0 comments:

Post a Comment