မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် မတ်လ ၁၁ ရက် ညနေပိုင်းက Terminal -1 ပြည်ပထွက်ခွာဆောင်၌ တရုတ်နိုင်ငံသားတစ်ဦး ယူဆောင်လာသည့် ခရီးဆောင်အိတ်အတွင်းမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် တရုတ်နိုင်ငံသားခံယူထားသူ အသက် ၅၈ နှစ် မြင့်စိုး (ခ) Mr. YEH CHENG LUNG မှာ ဟောင်ကောင်လေဆိပ်သို့ ထွက်ခွာမည့်လေယာဉ်နှင့် မလိုက်ပါမီ ၎င်းယူဆောင်လာသည့် ခရီးဆောင်အိတ်အား X-Ray စက်တွင် ဖြတ်သန်းစစ်ဆေးခံစဉ် အိတ်အတွင်းရှိ ငံပြာရည်ကြော်နှင့် လက်ဖက်ဘူးများကြားတွင် ပလတ်စတစ်အိတ်ဖြင့် ထုတ်ထားသည့် ICE ဟု ယူဆရသော မူးယစ်ဆေးဝါးမျာကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ မူးယစ်ဆေးဝါးများမှာ ကာလပေါက်ဈေး ကျပ်သိန်းတစ်ရာခန့်ရှိပြီး ဖမ်းမိထားသူမြင့်စိုး (ခ) Mr. YEH CHENG LUNG ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူ၍ အမှုကွင်းဆက်တရားခံများကို ထပ်မံဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အလားတူ မတ်လ ၁၁ ရက် နံနက် အစောပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Terminal-1 တွင် နိုင်ငံခြားသား အမျိုးသားသုံးဦး၏ ခရီးဆောင်အိတ်များထဲမှ ကျပ်သန်း ၁၁၂၀ တန်ဖိုးရှိ ဘိန်းဖြူဟု ယူဆရသော မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည်။
The Voice






0 comments:
Post a Comment