ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်တော်မြို့ ပတ်ဝန်းကျင်လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကာ သောင်းကျန်းသူများ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
မတ်လ ၇ ရက် ည ၉ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့ နယ် ၊ ပိန္နဲတောကျေးရွာ အနီးသို့ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ အောင်ဇော်လင်းနှင့် အဖွဲ့(၁)ဖွဲ့ရောက်ရှိလာခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ၎င်းတို့၏အမာခံများ စေလွှတ်ကာ ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်များမှ စုပေါင်း၍ စုစုပေါင်း ငွေကျပ်သိန်း ၆၅ဝ အား ၇ ရက်အတွင်းပေးရန်နှင့် ပေးဆောင်မှုမရှိပါက တက္ကသိုလ်ဝင် စာမေးပွဲ ပြီးဆုံးချိန်၌ ပုဏ္ဏားကျွန်းမြို့ အပါအဝင် နယ်မြေခံ တပ်ရင်းဌာနချုပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းများအား ဝင်ရောက်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ခြိမ်းခြောက်စာ ပေးပို့ခဲ့ပါသည်။
ထိုကဲ့သို့ လက်နက်အားကိုးဖြင့် အနိုင်ကျင့်စော်ကားမှုအပေါ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအားလုံးက မခံမရပ်နိုင်ဘဲ တပ်မတော်နှင့် လုံခြုံရေး အဖွဲ့အစည်းများအား အချိန်မီ သတင်းပေးပို့ လာသကဲ့သို့ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့သို့လည်း လုံးဝမပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့ကြပါသည်။ အဆိုပါ သတင်းဆက်အရ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဖြန့်ခွဲဆောင်ရွက် ခဲ့သည်။ ထိုသို့ဆောင်ရွက်လျက်ရှိစဉ် AA အကြမ်းဖက် သောင်းကျန်းသူများသည် ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာစစ်ဌာန၏ မေးခွန်းလွှာနှင့် အဖြေလွှာများအား ထိန်းသိမ်းခြင်း လုပ်ငန်းနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် အင်အား (၁၁)ဦးခန့်သာ ရှိသည့် ယိုးတရုတ်ကျေးရွာ ရဲကင်းစခန်းအား မတ် ၉ ရက်ညပိုင်းတွင် အင်အားအလုံးအရင်း ဖြင့် ဝင်ရောက်တိုက်ခိုက်လာခဲ့ပြီး နယ်မြေဒေသ လုံခြုံရေးအား စတင်နှောင့်ယှက်ဖျက်ဆီး လာခဲ့သည်။
ဒေသခံပြည်သူများက ပေးပို့သော သတင်းနှင့် AA အကြမ်းဖက် သောင်းကျန်းသူများ၏ ယိုးတရုတ်ရဲကင်းစခန်းအား ဝင်ရောက် တိုက်ခိုက်လာမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ် အတွင်း လုံခြုံရေးလုပ်ငန်းများအား တိုးမြင့်ဆောင်ရွက်ခဲ့သည်။ ယင်းသို့ဆောင်ရွက် လျက်ရှိစဉ် မတ် ၁ဝ ရက်၌ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်၊ ကန်ဇောက်ကျေးရွာ အနီးတစ်ဝိုက် ရပ်ကွက်၊ကျေးရွာများ လုံခြုံရေး တပ်စခန်းများအား AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များမှ ထပ်မံနှောင့်ယှက် တိုက်ခိုက်မည်ဟု သတင်းရရှိသဖြင့် ကျောက်တော်မြို့နယ် အနီးတစ်ဝိုက် လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်း နှစ်ကြောင်းအား ကန်ဇောက်နှင့် ပုဏ္ဏားကျွန်း အကြားရွှေ့ပြောင်း၍ နယ်မြေစိုးမိုးရေး ဆောင်ရွက်ခဲ့သည်။ အဆိုပါ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မတ် ၁၁ ရက်နေ့လည်ပိုင်းတွင် ကျောက်တော်မြို့၊ ကန်ဇောက်ကျေးရွာ၏ တောင်ဘက် မီတာ ၇ဝဝဝ ခန့်အကွာသို့ အရောက်၌ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့အား ဝင်ရောက်တိုက်ခိုက်၊ နှောင့်ယှက် ဖျက်ဆီးရန် အင်အားစုစည်းလျက်ရှိသော AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အင်အားစုများနှင့် နယ်မြေခံကျေးရွာ အလိုက် ရိုးသားစွာ လုပ်ကိုင်စားသောက်နေကြသည့် အရပ်သားများအား လက်နက်ဖြင့်ခြိမ်းခြောက်၍ စုစည်းထားသည့် အင်အားစုများပါ ပူးပေါင်းထားသော ယာယီအခြေပြုစခန်းအား တွေ့ရှိပြီး စတင်ထိတွေ့မှု ဖြစ်ပွားခဲ့ကာ ရင်ဆိုင်ထိန်းချုပ်ခဲ့သည်။
ထိုသို့ ရင်ဆိုင်ထိန်းချုပ်လျက် ရှိစဉ် AA အကြမ်းဖက် သောင်းကျန်းသူများသည် မတ် ၁၂ ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအား အင်အားအလုံးအရင်းဖြင့် အကြိမ်ကြိမ် ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခြင်းများ ၊ အကြိမ်ကြိမ် အင်အားထပ်မံဖြည့်တင်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အပြီးသတ်ချေမှုန်းနိုင်ရေး ဆောင်ရွက်ခဲ့သည်။ မတ် ၁၃ ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအား အင်အားဖြည့်တင်းရန် သွားရောက်ခဲ့သော တပ်မတော်စစ်ကြောင်း တစ်ကြောင်းကိုလည်း ဖြတ်တောက်ပိတ်ဆို့ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် များအား အပြီးသတ် တိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် အကြိမ်ကြိမ် နေ့ညဝိုင်းပတ် ပိတ်ဆို့လုံးထွေးတိုက်ခိုက်ရန် ဆောင်ရွက်လာခဲ့ရာ မိမိတပ်များက ရွပ်ရွပ်ချွံချွံပြန်လည် တိုက်ခိုက်ခဲ့ရသည်။
မတ် ၁၃ ရက် ညပိုင်းနှင့် မတ် ၁၄ ရက်တို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ကူ၊ပစ်အားရယူလျက် မိမိတပ်ဖွဲ့ဝင်များအား ချေမှုန်းရန် ကြိုးပမ်းလျက်ရှိသည့် AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အား ဟန်ချက်ညီ ပြင်းထန်စွာ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ရဲဝံ့စွန့်စားစွာ ဟန်ချက်ညီ တိုက်ခိုက်ခဲ့မှုများကြောင့် AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များသည် မတ် ၁၄ ရက် ညနေပိုင်းတွင် အကျအဆုံးများစွာဖြင့် အရပ်မျက်နှာအသီးသီးသို့ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။
ဖြစ်စဉ်တွင် မိမိဘက်မှ အရာရှိ၊စစ်သည်အချို့ ကျဆုံးဒဏ်ရာ ရရှိခဲ့ပြီး AA အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်နက်၊ အလောင်းနှင့် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ် အတွင်း မြို့၊ ရွာနှင့် ဌာနဆိုင်ရာ အဆောက်အဦများအား တိုက်ခိုက်ရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် ယာယီအခြေပြုစခန်း ၁ ခုတို့အား သိမ်းပိုက်ရရှိခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ် အနီးတစ်ဝိုက် လုံခြုံရေးအား ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Credit - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News







0 comments:
Post a Comment