Saturday, March 16, 2019

နျူကလီးယားအရေးဆွေးနွေးမှုတွေရပ်ဆိုင်းထားနိုင်တယ်လို့ မြောက်ကိုရီးယားပြော


နျူကလီးယားဖျက်သိမ်းရေးဆွေးနွေးမှုတွေကိုရပ်ဆိုင်းထားဖို့ စဉ်းစားနေတယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဒုတိယ၀န်ကြီး ချိုဆွန်းဟွီက သောကြာနေ့မှာပြောပါတယ်။ 
ပြီးခဲ့တဲ့ဟနွိုင်းထိပ်သီးအစည်းအဝေးတုန်းက အမေရိကန်ရဲ့တောင်းဆိုချက်တွေကို ကျွန်မတို့ဘက်က လိုက်လျောဖို့ရည်မှန်းထားတာမရှိသလို အဲဒီပုံစံဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့လည်း ဆန္ဒမရှိပါဘူး လို့ ချိုကပြောတယ်ဆိုပြီး ရုရှားအစိုးရပိုင်TASSသတင်းအေဂျင်စီကဖော်ပြပါတယ်။ 
ဟနွိုင်းအစည်းအဝေးပျက်ရတာအမေရိကန်ကြောင့်လို့လည်း အပြစ်တင်ခဲ့ပြီး အမေရိကန်ကိုယ်စားလှယ်အဖွဲ့က တောင်းဆိုချက်တွေများသလို ပျော့လွယ်ပြောင်းလွယ်လည်းမဖြစ်ဘူးလို ဝေဖန်လိုက်ပါတယ်။ 
ချိုရဲ့မှတ်ချက်တွေအတွက် အမေရိကန်ဘက်က လတ်တလောတုံ့ပြန်ပြောတာမျိုးမရှိသေးပါဘူး။ 
တနင်္လာနေ့တုန်းကတော့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာအမေရိကန်အထူးကိုယ်စားလှယ် စတီဖင် ဘီဂန်က စာချုပ်ထဲမှာပဲ နျူကလီးယားဖျက်သိမ်းတာကို အမေရိကန်ကလက်ခံမှာမဟုတ်သလို ဟနွိုင်းအစည်းအဝေးပျက်ခဲ့ပေမဲ့ နှစ်နိုင်ငံရင်းရင်းနှီးနှီးဆက်ပြီးစေ့စပ်ဦးမယ်လို့ ပြောထားပါတယ်။ 
ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ကိုရီးယားဒုံးကျည်စခန်းတွေပြန်အသက်ဝင်နေတယ်လို့ ကျွမ်းကျင်သူတွေကပြောထားတာတွေရှိပေမဲ့ ဘီဂန်ကတော့ အဲဒီအချက်တွေကို သိပ်အရေးမကြီးဟန်ပြောခဲ့ပါတယ်။ 
ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်က ဗီယက်နမ်နိုင်ငံမြို့တော်ဟနွိုင်းမှာ အမေရိကန်-မြောက်ကိုရီးယားဒုတိယအကြိမ်ထိပ်သီးအစည်းအဝေးကျင်းပပြီး မြောက်ကိုရီးယားက ပိတ်ဆို့မှုတွေအားလုံးပြန်ရုတ်သိမ်းပေးဖို့ တောင်းဆိုသလို အမေရိကန်ကလည်း ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးလက်တွေ့အကောင်အထည်ဖော်ဖို့တောင်းဆိုခဲ့ကြပြီး ပူးတွဲသဘောတူညီချက်တွေမရဘဲ အများမျှော်လင့်ထားတဲ့အစည်းအဝေးမှာ ရလဒ်မထွက်ခဲ့ပါဘူး။ 

Source-CNN 
#ဥက္ကာ 
#TheFifthWaveNews

0 comments:

Post a Comment