Monday, March 11, 2019

ပုံနှိပ်မီဒီယာများအားလုံး ပုံနှိပ်ဖော်ပြရာတွင် အသုံးပြုနေသော “တစ်ချောင်းငင်အရှည်နှင့် အတို” သုံးစွဲမှုကို ပြည်ထောင်စုအစိုးရအဖွဲ့က ဦးဆောင်၍ စနစ်တကျ မှန်ကန်အောင် ညွှန်ကြားပြုပြင် ပေးရန် အစီအစဉ် ရှိ၊ မရှိ လွှတ်တော်တွင် မေးမြန်း



ယမန်နေ့(မတ် ၁၁) ကကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ တွင် ထီးချိုင့် မဲဆန္ဒနယ်မှ ဦးမောင်မောင်က ”အစိုးရဝန်ကြီးဌာနများနှင့် မြန်မာ နိုင်ငံတစ်ဝန်း သုံးစွဲနေသော ပုံနှိပ်မီဒီယာများအားလုံး ကွန်ပျူတာ ပုံနှိပ်ဖော်ပြရာတွင် အသုံးပြုနေသော ”တစ်ချောင်းငင်အရှည်နှင့် အတို” သုံးစွဲမှုကို ပြည်ထောင်စုအစိုးရအဖွဲ့က ဦးဆောင်၍ စနစ်တကျ မှန်ကန်အောင် ညွှန်ကြားပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းကို မေးမြန်းခဲ့သည်။ 
အဆိုပါ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မြန်မာစာ ရေးသားကြရာတွင် မြန်မာစာအဖွဲ့မှထုတ်ဝေသော မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို လိုက်နာကြရန် ပညာရေးဝန်ကြီးဌာနက ၁၉၈၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁/၈၆) ဖြင့် ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ အဆိုပါ စာလုံးပေါင်းသတ်ပုံကျမ်းသည် ယနေ့အထိ အတည်ပြုပြဋ္ဌာန်းဆဲ ဖြစ်သည့်အပြင် လိုက်နာဆောင်ရွက်ကျင့်သုံးလျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅၀ တွင်လည်း မြန်မာစာသည် ရုံးသုံးစာဖြစ်သည် ဟူ၍ပြဋ္ဌာန်းပါရှိပါကြောင်း၊ တင်ပြထားသည့် တစ်ချောင်းငင်အတို၊ တစ်ချောင်းငင်အရှည်၊ နှစ်ချောင်းငင်အတို၊ နှစ်ချောင်းငင်အရှည်သုံးစွဲမှုသည် စာလုံးပေါင်းသတ်ပုံ ဆိုရင်းထက် အရေးပုံရိပ်မျှသာဖြစ်ပြီး သတ်ပုံမှားယွင်းမှုမဟုတ်ပါကြောင်းနှင့် ဖော်ပြပါ ပြု၊ မှူးနှင့် အလှူစသည်တို့ဖော်ပြထားခြင်းသည် ပြဋ္ဌာန်းထားသည့် စာလုံးပေါင်းသတ်ပုံကျမ်း စာအုပ်ပါ အရေးပုံရိပ်အတိုင်းရေးသားခြင်းဖြစ်ကြောင်း၊ စာလုံးပေါင်းသတ်ပုံ မှန်ကန်ရေးလုပ်ငန်းစဉ်များ သည် ယခင်က ဆောင်ရွက်ပြီးလုပ်ငန်းနှင့် ယခုဆက်လက်ဆောင်ရွက်ဆဲ လုပ်ငန်းများဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

မြန်မာစာအရေးအသားမှန်ကန်ရန်အတွက် ပြင်ဆင်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာစာအရေးအသား၊ ရေးထုံး၊ သတ်ပုံတို့နှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးနိုင်ရန် သက်ကြီးမြန်မာစာပေပညာရှင်များပါဝင်သည့် မြန်မာစာအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ထားပြီး မြန်မာစာ အဖွဲ့၏အဆုံးအဖြတ်ကို ရယူဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

Source - ပြည်သူ့လွှတ်တော်
Popular News Journal 

0 comments:

Post a Comment