Sunday, March 10, 2019

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးစက်ရုံ၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဒေသခံကိုယ်ဝန်သည်အချို့ သားပျက်သားလျှောဖြစ်သည်အထိ ဘေးဒုက္ခများခံစားနေရဟုဆို


ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးစက်ရုံမှ ထွက်ရှိသော ဘေးထွက်ဆိုးကျိုးများကြောင့် ဒေသခံကိုယ်ဝန်သည်အချို့ သားပျက်၊ သားလျှောဖြစ်သည်အထိ ဘေးဒုက္ခများခံစားနေရကြောင်း ပင်လောင်းမြို့နယ် တီကျစ်အုပ်စု သာယာကုန်းကျေးရွာတွင်နေထိုင်သော ဒေသခံအမျိုးသမီးတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 
ဗိုလ်တထောင်မြို့နယ် Orchid Hotel တွင် မတ် ၉ ရက်က ကျင်းပသော ကျောက်မီးသွေးအသုံးပြု လည်ပတ်နေသည့် စက်ရုံများမှထွက်ရှိသော ဘေးထွက်ဆိုးကျိုးများသည် ပြည်သူလူထုများ၏ ဘဝများ အဆိုးရွားဆုံး ထိခိုက်နေသည်ကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် ဗီဒီယိုပြသခြင်းအခမ်းအနားသို့ တက်ရောက်လာသော ဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားခြင်းဖြစ်သည်။ 

“ဒီမှတ်တမ်းထဲမှာ ဖြစ်တာတွေက တကယ်ပါ။ ကျွန်မအစ်မအရင်းကိုယ်တိုင် သားပျက်သားလျှော ဖြစ်တယ်ပေါ့နော်။ သူတို့ရဲ့စက်ရုံလည်းပါတယ်။ ကျောက်မီးသွေးတွင်းလည်း ပါတယ်ပေါ့နော်။ များသောအားဖြင့် ကျွန်မတို့ရွာမှာ အမျိုးသမီးတွေက သားပျက် သားလျှောဖြစ်တာ များတယ်ပေါ့နော်။ တစ်ယောက်တည်းကို တစ်ကြိမ်ဖြစ်တာ မဟုတ်ဘဲနဲ့ တစ်ဦးကို နှစ်ကြိမ် သုံးကြိမ်လောက်အထိဖြစ်တဲ့ လူတွေလည်း ရှိတယ်ပေါ့နော်။ ဒီလိုမျိုးတွေရှိတဲ့အထွက် ကလေးတွေလည်း ပိုလီယိုပုံစံမျိုးတွေ၊ ပြီးရင် အသက်ကြီးပြီး ခန္ဓာကိုယ်မဖွံ့ထွားဘဲနဲ့ အရပ်ပုပြီး ရုပ်ရင့်တဲ့ပုံစံမျိုးတွေလည်း ရှိလာတယ်ပေါ့နော်။ သမီးတို့ဒေသမှာ ဖြစ်ပျက်နေတဲ့အရာတွေပေါ့နော်။ သမီးတို့ဒေသမှာ ခံစားနေရတဲ့ ခံစားချက်တွေကို အစိုးရကလူတွေ မသိဘူး။ သမီးတို့ဆီကိုလည်း ကွင်းဆင်းလေ့လာစေချင်တယ်ပေါ့နော်။ ဒီတီကျစ်ဒေသ သမီးတို့ဒေသမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ပြန်ပြီးတော့မှ စစ်ဆေးစေချင်တယ်” ဟု ပင်လောင်းမြို့နယ် တီကျစ်အုပ်စု သာယာကုန်းကျေးရွာတွင် နေထိုင်သော ဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားသည်။ 

ထို့ပြင် တီကျစ်ဒေသတွင် ခံစားနေရသော ခံစားမှုပြဿနာများကို အစိုးရတာဝန်ရှိသည့်ပုဂ္ဂိုလ်များ သိစေချင်ကြောင်း၊ ၎င်းမှတ်တမ်း ရုပ်ရှင်ဗီဒီယိုကိုလည်း တာဝန်ရှိပုဂ္ဂိုလ်များကြည့်ပြီး တီကျစ်ဒေသတွင် မည်သည့်အရာများ လုပ်ပေးနိုင်မည်ကို မျှော်လင့်နေကြောင်း၊ တီကျစ်စက်ရုံအပါအဝင် မိုင်းတွင်းရှိသူများနှင့် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များသည် ဒေသခံပြည်သူများကို လူသားတစ်ယောက်ကဲ့သို့ သဘောထားပြီး ဆက်ဆံပေးစေချင်ကြောင်း၊ ကျောက်မီးသွေးစက်ရုံကိုလည်း အလိုမရှိကြောင်း ၎င်းဒေသခံအမျိုး သမီးက ဆက်လက်ပြောကြားသည်။ 

Eleven Media Group

0 comments:

Post a Comment