Sunday, March 10, 2019

တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို အဂတိမှုဖြင့် အမှုဖွင့်ဖမ်းဆီး



တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူသုံးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုလေးမှုဖွင့်ပြီး ယမန်နေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောသည်။ 


တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုကျူးလွန်ကြောင်း တိုင်ကြားစာများနှင့် ပတ်သက်ပြီး ကော်မရှင်က ဖေဖော်ဝါရီ ၄ ရက်ကစ၍မတ်လ ၆ ရက်အထိ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာနေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့တွင် စုံစမ်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များအရ ၀န်ကြီးချုပ်ဒေါက်တာ လဲ့လဲ့မော်ကို အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်လည်းကောင်း၊ Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ဒါရိုက်တာဦးအောင်မြတ်နှင့် ဦးသူရအုံတို့ကို ပုဒ်မ ၅၅/၆၃ တို့ဖြင့် အမှုလေးခုခွဲ၍ အရေးယူရန် ထားဝယ်မြို့မရဲစခန်း၌ ကော်မရှင်က မတ်လ ၁၀ ရက်တွင် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်ခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်သည်။ 



ကော်မရှင် စစ်ဆေးတွေ့ချက်များ 
၂၀၁၆ ဧပြီအတွင်း မဟာ သင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တည် ဆောက်ရေးလုပ်ငန်း နိုဝင်ဘာ တွင် ထားဝယ်တက္ကသိုလ်ဝင်း အတွင်း ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်း၊ ထားဝယ်လေယာဉ် ကွင်းအပြင်ဘက် ချုံနွယ်ရှင်းလင်း ခြင်း လုပ်ငန်းများအတွက် တိုင်း ဒေသကြီးအစိုးရအဖွဲ့က ထိုက် သင့်သည့် တန်ဖိုးမပေးဘဲ F-22 Sunny Construction Co,Ltd သို့ တာဝန်ပေးဆောင်ရွက်စေ ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ 



ထို့နောက် ၂၀၁၆ ဒီဇင်ဘာ ၁၅ ရက်တွင် တင်ဒါခေါ်ယူခြင်း အစိုးရအဖွဲ့ အစည်းအဝေး၌ အ တည်ပြုဆုံးဖြတ်ခြင်းများ မရှိဘဲ ထားဝယ်လေယာဉ်ကွင်းအတွင်း ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်း တစ်ခုတည်းကို ခွင့်ပြုငွေကျပ် သိန်း ၄,၀၀၀ ဖြင့် ဝန်ကြီးချုပ်၏ ရာထူးတာဝန်ကို အလွဲသုံးစား ပြု၍ F-22 Sunny Construction Co.,Ltd. သို့တိုက်ရိုက်ခွင့်ပြု ဆောင်ရွက်စေခြင်းများ ပေါ် ပေါက်ခဲ့သည်။ 



အဆိုပါ လုပ်ဆောင်ချက် များသည် တံစိုးလက်ဆောင်ကို အဖွဲ့အစည်းအတွက် ရယူခြင်း ဖြစ်ပြီး တိုင်းဒေသကြီးများ၏ ဒေသန္တရပေါက်ဈေးများနှင့် နှိုင်း ယှဉ်တွက်ချက်မှုအရ နိုင်ငံတော် ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရ ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ 



ခင်ပွန်းဖြစ်သူ နာမည်ဖြင့် ၀ယ်ယူထားသော မြေကွက်ကို ခြံခတ်ခိုင်းခြင်း 



ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လမ်းဦးစီးဌာနသို့ တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁ ဒသမ ၉ ဘီလီယံခန့် ထုတ်ယူရန်အခွင့်အရေး ပေးခဲ့သည်။ 



ထို့နောက် ၂၀၁၈ အောက်တိုဘာတွင် တိုင်းလမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးအား ဒေါက်တာ လဲ့လဲ့မော်က၎င်း၏ ခင်ပွန်း ဦးထွန်းမင်း အမည်လွှဲ( ဦးမြင့်ဟို) အမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ် သဇင်လမ်းထောင့်ရှိ အိမ်အမှတ် (၁၀၆၈) နှင့် (၁၀၇၀) မြေကွက် နှစ်ကွက်ကို အုတ်ခြံစည်းရိုး ကာရံပေးရန် စေခိုင်းခဲ့သည်။ 



ထို့နောက် ကုန်ကျငွေ ကျပ် သိန်း (၁၄၀) ကျော်ကို ဒေါက်တာ လဲ့လဲ့မော်က ၎င်းအား စုံစမ်းစစ် ဆေးသည့်အခါမှသာ ယင်းငွေကို ပြန်လည်ပေးချေကြောင်း စစ် ဆေးပေါ်ပေါက်ရာ ထိုက်သင့်သည့်တန်ဖိုးပေးချေခြင်းမရှိဘဲ အုတ်ခြံစည်းရိုး ကာရံပေးစေခြင်း ဖြင့် တံစိုးလက်ဆောင်အဖြစ် ရယူခဲ့ကြောင်း ကော်မရှင်ကစစ် ဆေးတွေ့ရှိခဲ့သည်။ 



သရက်ချောင်းမြို့ရှိ နေအိမ်အား GGS ကုမ္ပဏီသို့ အဆမတန် ရောင်း၍ ကုမ္ပဏီကိုလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်း 
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့ မော်သည် ၎င်း၏မိသားစုပိုင်သည့် သရက်ချောင်းမြို့နယ်၊ မြို့မရပ်၊ မြိတ်-ထားဝယ်ကားလမ်း၊ အိမ်အမှတ် (၆) နှစ် ထပ်နေအိမ်နှင့် ဝိုင်းမြေမှာ ကာလတန်ဖိုးကျပ် သိန်း ၃၂၀ ကျော်ခန့်သာတန်ဖိုးရှိသော်လည်း ကျပ်သိန်း (၂၀၀၀) ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့သည်။ 



ထို့နောက် GGS ကုမ္ပဏီအား သရက်ချောင်း ငါးလေလံ ဈေးတည်ဆောက်ခြင်း၊ ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးခြင်း၊ထားဝယ်မြို့ခြင်း လုံးရုံတည်ဆောက်ခြင်း၊ ပုလော မြို့ မြို့တော်ခန်းမတည်ဆောက် ခြင်း၊ ထားဝယ်နှင့်မြိတ်တွင် ခြောက်ခန်းတွဲ လေးထပ်တန်ဖိုးနည်း အငှားအိမ်ရာ (၄) လုံးတည် ဆောက်ခြင်း၊ နေပြည်တော်တွင် တနင်္သာရီတိုင်း ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြု ခြင်းဖြင့် အခွင့်အရေးပေးခဲ့သည်။ 



ထို့သို့နေအိမ်ဝယ်ယူခဲ့သည် GGS ကုမ္ပဏီအထွေထွေမန်နေဂျာ ဦးသူရအုံ GGS ကုမ္ပဏီမှ တာဝန်ရှိသူများဖြစ်သော ဦးသိန်းထွေး နှင့် ဦးအောင်မြတ်တို့သည် အိမ်နှင့်မြေကို ကာလတန်ဖိုးထက် ခြောက်ဆခန့်ပိုသည့် တန်ဖိုးဖြင့် ဈေးပိုပေး၍ ဝယ်ယူခဲ့ပြီးအကျိုးအမြတ်ရရှိမည့် လုပ်ငန်းများလုပ် ကိုင်ခွင့်ရရှိခဲ့ကြကြောင်း ပေါ် ပေါက်ခဲ့သည်။ 
GGS ကုမ္ပဏီထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးစာချုပ်ကိစ္စ 



တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချ ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၆ ဒီဇင်ဘာ ၆ ရက်တွင် ချုပ်ဆိုခဲ့ပြီး လုပ်ကိုင်ခွင့်ပြုသူနေရာတွင် တိုင်းအစိုးရအဖွဲ့ကိုယ်စား အတွင်းရေးမှူးနှင့်၊ လုပ်ကိုင်ခွင့်ရသူနေရာတွင် GGS ကုမ္ပဏီကိုယ်စား ဦးသိန်းထွေးတို့ လက်မှတ်ရေးထိုးခဲ့သော်လည်း စာချုပ်ပါ စည်းကမ်းချက်များအတိုင်း အကောင်အထည်ဖော်ရေး ကြီးကြပ်ရန် ပျက်ကွက်သဖြင့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ရာရောက် ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 



ထို့နောက် ၂၀၁၇ ဇူလိုင် ၁ ရက်ကစ၍ စစ်ဆေးသည့်အချိန်အထိ သဘာဝဓါတ်ငွေ့ဖိုးကျပ် သန်း (၈၀၀၀) ကျော်ကို ပေးချေရန်တာဝန်ရှိသည့် GGS ကုမ္ပဏီဘက်မှပေးချေရန် ပျက်ကွက်ခဲ့သည့်အတွက် ပြည်ထောင်စု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ထုတ်ကျခံခဲ့ရသဖြင့် နိုင်ငံ တော်ဘဏ္ဍာငွေများ ထိခိုက်နစ်နာဆုံးရှုံးမှုရှိကြောင်း ပေါ်ပေါက်ခဲ့သည်။ 



ထိုကြောင့် အဆိုပါလုပ်ငန်းစဉ်တွင်ပါဝင်ခဲ့သည့် တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီမှ ဦးသိန်းထွေးနှင့်ဦးအောင်မြတ် တို့သည် အဂတိလိုက်စားမှုဖြင့် ငြိစွန်းကြောင်း တွေ့ရှိခဲ့သည်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 



အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ပြစ်မှုထင်ရှားစီရင်ခံရလျှင် ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ် အပြင်ငွေဒဏ်လည်းကျခံရနိုင်သည်။ 



ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို ကော့သောင်းမြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

7Day

0 comments:

Post a Comment