မြန်မာ - ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရန်နှင့် နှစ်နိုင်ငံစီးပွားရေး ရင်းနှီမြှပ်နှံမှု ပိုမိုရရှိစေရန်အတွက် ရည်ရွယ်၍ Korea Day 2019 ပွဲကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပရခြင်းဖြစ်ကြောင်း ယဉ်ကျေးမှုနှင့် သာသနာ ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
အဆိုပါ အခမ်းအနားကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပံ့ပိုးကူညီမှု တို့ဖြင့် မြန်မာ - ကိုရီးယားခရီးသွား လုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းအဖွဲ့မှကြီးမှူး၍ မတ်လ ၉ ရက်တွင် ရန်ကုန်မြို Lotte Hotel (Sapphire Ballroom) ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။
“Korea Day 2019 ကို စီစဉ်ကျင်းပခြင်းဖြင့် ကိုရီးယားပြည်သူများအနေဖြင့် မြန်မာနိုင်ငံကိုပိုမိုသတိပြုမိပြီး လာရောက်လည် ပတ်လိုစိတ်များ ပိုမိုတိုးမြင့်လာကြလိမ့်မည်ဟု ယုံကြည်ပါတယ်။ အထူးသဖြင့် မြန်မာ-ကိုရီးယားနှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများနဲ့ ရင်းနှီးမြှပ်နှံမှုများကိုလည်း ပိုမိုတိုးတက်လာစေနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ ၊ ပုဂ္ဂလိက မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ကြိုးပမ်း ဖော်ဆောင် လျက်ရှိ ပါတယ်။ ဆောင်ရွက်တဲ့နေရာမှာလည်း ဗီဇာလွယ်လင့်တကူရရှိရေး ခရီးစဉ်ဒေသများကို ကြော်ငြာမြှင့်တင်ရေး ကိစ္စရပ်တွေဟာ အလွန်အရေးပါနေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံကို ကိုရီးယားသမ္မတနိုင်ငံမှ ခရီးသွားဧည့်သည်များ အဆင်ပြေစွာ လာရောက်လည်ပတ်နိုင်ရေး အတွက် ဗီဇာကင်းလွတ်ခွင့် ပြုပေးထားပြီးဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ခဲ့သည့် ခရီးသွားဧည့်သည် ၃.၅၅ သန်းအနက် ၇၆ ရာခိုင်နှုန်းခန့်သည် အာရှ နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံသားများ အများဆုံးလာရောက်ခဲ့ကြောင်း သိရသည်။
ဗီဇာ ဖြေလျော့ပေးပြီး နောက်ပိုင်းတွင် ကိုရီးယားခရီးသွားဧည့်သည် ၁၀.၆၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး Korea Day 2019 အခမ်း အနားပြပွဲ အစီအစဉ်များသည် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ထိရောက်ကောင်းမွန်သော ကြော်ငြာအစီအစဉ်များဖြစ် သည့်အပြင် ကိုရီးယားပြည်သူများ လာရောက်လည်ပတ်ရန် ဆွဲဆောင်ရာတွင် အထောက်အကူ ပြုမည်ဟု ယုံကြည်ကြောင်း လည်း ၎င်းကဆိုသည်။
၂၀၁၉ ခုနှစ် နှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကိုရီးယားခရီးသွားဧည့်သည်မှာ ၆၈ ရာခိုင်နှုန်းရှိနေပြီဖြစ်ကာ ၂၀၂၀ တွင် တစ်သိန်းအထိမှန်းထားကြောင်း သိရသည်။
ထို့အပြင် ကိုရီးယား-ရန်ကုန်-ကိုရီးယား တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းနိုင်ရန်လည်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ် ကြောင်း သိရသည်။
စုသက်နှင်း(အကုန်သိ သတင်းဌာန)







0 comments:
Post a Comment