Sunday, March 17, 2019

၂၀၃၀ ပြည့်နှစ်တွင် တစ်ဦးချင်းဝင်ငွေ ကန်ဒေါ်လာ ၃၀၀၀ အထိရရှိရန် ရည်မှန်းထားဟု ဒုသမ္မတ(၁) ပြော



လာမည့် ၂၀၃၀ ပြည့်နှစ်တွင် လူတစ်ဦးချင်းဝင်ငွေအနေဖြင့် ကန်ဒေါ်လာ ၃၀၀၀ အထိရရှိရန် ရည်မှန်းထားကြောင်း နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ပြောသည်။ 

Myanmar Convection Centre (MCC) တွင် နှစ်ရက်ကြာ ကျင်းပပြုလုပ်သည့် ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 
“ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ တွက်ချက်မှုအရ ၂၀၁၈ ခုနှစ်မှာ တစ်ဦးချင်းဝင်ငွေ ၅ ဒဿမ ၃ ရာခိုင်နှုန်းရှိခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာ ၆ ဒဿမ ၃ ရာခိုင်နှုန်းရရှိဖို့ မျှော်မှန်းထားတယ်။ အခုလို တိုးတက်မှုတွေရရှိလာတာကတော့ မျှတပြီးယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို ဖန်တီးပေးတဲ့ပြုပြင်ပြောင်းလဲမှုတွေကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ စီးပွားရေးကို ပိုမိုပွင့်လင်းလာအောင် လုပ်ဆောင်နိုင်မှုကြောင့်ဖြစ်ပါတယ်။ ပြီးတော့ ၂၀၂၀ မှာ ကမ္ဘာ့ဘဏ်ရဲ့ အဆင့်သတ်မှတ်ချက် ၁၀၀ အတွင်းဝင်နိုင်အောင် ကြိုးစားပြီးတော့ ၂၀၃၀ မှာ တစ်ဦးချင်း ဝင်ငွေကို ကန်ဒေါ်လာ ၃၀၀၀ အထိရရှိဖို့အတွက်ရည်မှန်းထားပါတယ်”ဟု နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ပြောသည်။ 
လက်ရှိတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် ကုမ္ပဏီများ ဥပဒေအသစ်ပြဋ္ဌာန်းခြင်း၊ ဥပဒေနှင့်စည်းကမ်းမူဘောင်များကို ခေတိမီအောင် ဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရေးကို မြှင့်တင်ခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ချက်များကို အထောက်အကူပြုနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အဖွဲ့များ၏ စွမ်းဆောင်ရည် ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ခြင်းနှင့် ဘဏ်လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အပြောင်းအလဲများ ဆောင်ရွက်နေကြောင်း သိရသည်။ 
ပြည်တွင်းထုတ်ကုန်များ၏ GDP တန်ဖိုးမှာ၂၀၁၅ ခုနှစ်တွင် ၇ ဒဿမ ၃ ရာခိုင်နှုန်းအထိရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ်၌ ကုန်ပစ္စည်းဈေးနှုန်းလျော့ကျခြင်း၊သစ်တောထွက်ပစ္စည်းများလျော့ကျခြင်း၊ စားသောက်ကုန်ပစ္စည်းများ လျော့ကျခြင်း၊ စွမ်းအင်များလျော့ကျခြင်းနှင့် ဆောက်လုပ်ရေးဝန်ဆောင်မှုများလျော့ကျလာခြင်း အစရှိသည့် လုပ်ငန်းများကြောင့် ၆ ဒဿမ ၄ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း အာရှဖွံ့ဖြိုးမှုဘဏ်မှ စာရင်းများအရ သိရသည်။ 
သို့သော် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကြောင့် GDP သည် ၆ ဒဿမ ၄ ရာခိုင်နှုန်းအထိ ပြန်လည်တိုးတက်ခဲ့ကြောင်း သိရသည်။

စုသက်နှင်း(အကုန်သိ သတင်းဌာန) 

0 comments:

Post a Comment