Sunday, March 17, 2019

ပြည်နယ်လဝက စာရင်းအရ ရွှေကုက္ကိုအဆင့်မြင့်အိမ်ရာတွင် တရုတ်လူမျိုး ၁၂ဝဝ ခန့် နေထိုင်လုပ်ကိုင်နေဟုဆို


ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၊ မြောက်ဘက်ရွှေကုက္ကိုဒေသတွင် ကရင်နယ်ခြားစောင့်တပ်အထွေထွေအတွင်း ရေးမှူး BGF တပ်နယ် ၃ မှ ဗိုလ်မှူးကြီးစောချစ်သူနှင့် Myanmar Yatai International Holding Group Co.,Ltd တို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေသော အဆင့်မြင့်အိမ်ရာစီမံကိန်းနှင့် ပတ်သက်၍ တရားဝင်နေထိုင် လုပ်ကိုင်နေသူ တရုတ်လူမျိုး ၁၂ဝဝ ခန့်ရှိကြောင်း ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနစာရင်းများအရ သိရသည်။ 
''ကျွန်တော်တို့ လဝကဌာနအနေနဲ့ကတော့ သူတို့ကုမ္ပဏီဘက်က တရားဝင်တင်ပြထားတဲ့ လူနေထိုင် စာရင်းအရပဲ လက်ခံထားတာရှိပါတယ်။ အဲဒီနေရာတွေကို ကျွန်တော်တို့သွားလာစိစစ်ဖို့ ခက်ခဲပါတယ်။ လုံခြုံရေးအရလည်း အဆင်မပြေပါဘူး။ အခုနောက်ဆုံးတောင်းခံရရှိထားတဲ့စာရင်းအရ ပတ်စပို့၊ ဗီဇာနဲ့ မြဝတီချစ် ကြည်ရေးတံတားအမှတ်(၁)ကနေဝင်ရောက်ပြီး ရွှေကုက္ကိုအဆင့်မြင့်အိမ်ရာစီမံကိန်းမှာ အလုပ် လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား (FRC) ၁၁၂ ဦး၊ မ ၅ ဦး၊ မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသူ တရုတ်လူမျိုး ကျား ၆၁၁ ဦး၊ မ ၅၇၈ ဦး၊ ပေါင်း ၁၁၈၉ ဦးနေထိုင်အလုပ်လုပ်ကိုင်ကြောင်း သတင်းပို့ထားပြီး တော့ ကျွန်တော်တို့ဘက်ကလည်း တရားဝင်ဗီဇာ၊ ပတ်စပို့နဲ့ နေထိုင်သူတွေကို ဗီဇာသက်တမ်း၊ ပတ်စပို့သက်တမ်း မကျော်လွန်စေဖို့ ပြောပြထားတယ်''ဟု ကရင် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ ပြည်နယ်အဆင့်တာဝန်ရှိသူတဦးက ပြောသည်။ 
ထိုင်း-မြန်မာနယ်စပ် BGF (ကရင်နယ်ခြားစောင့်တပ်)ထိန်းချုပ်နယ်မြေအတွင်း လောင်းကစားမြို့တော်စီမံကိန်း အဖြစ် လေဆိပ်ဈေးဝယ်စင်တာများ၊ လောင်းကစားကာစီနိုရုံများ၊ ဂေါက်ကွင်းများ၊ ဟိုတယ်များ၊ အပန်းဖြေ စခန်းများထည့်သွင်းတည်ဆောက်နေသည်ဟုဆိုသည့်သတင်းများ လူမှုကွန်ရက်သတင်းများတွင် ပျံ့နှံ့နေခဲ့သည်။ ကရင်ပြည်နယ်အစိုးရရင်းနှီးမြှုပ်နှံမှုကော်မတီကမူ အဆိုပါဒေသ ၂၅ ဒသမ ၅ ဧကမြေပေါ်တွင် အဆင့်မြင့်အိမ်ရာ ၅၉ လုံးတည်ဆောက်ငှားရမ်းမည့် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆင့်မြင့်အိမ်ရာစီမံကိန်းကိုသာ ခွင့်ပြုထားသည်ဟု ဆိုသည်။ အမှန်တကယ်တွင် တရုတ်နိုင်ငံသားအများအပြားလာရောက်နေထိုင် အလုပ်လုပ်ကိုင်နေပြီး စီမံကိန်းတည်ဆောက်နေမှုမှာ ခွင့်ပြုထားသည်ထက်ပိုမိုကြီးမားကြောင်းနှင့် တရုတ်နိုင်ငံသား ထောင်ချီနေထိုင်လုပ်ကိုင်နေကြကြောင်းနှင့် မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်အခြမ်းတွင်လည်း တရုတ်နိုင်ငံသားများသွားလာနေထိုင် စားသောက်ရောင်းဝယ်မှုများ တွေ့မြင်နေရကြောင်း ဒေသတွင်းဌာနေ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ စောင့်ကြည့်ကူညီပေးရေးလုပ်ဆောင်သူများ၏ ပြောစကားအရ သိရသည်။ 
''အခုကျွန်မတို့ ကရင်တိုင်းရင်းသားဒေသခံတွေ ဒုက္ခရောက်နေရတယ်၊ မြေယာတွေသိမ်းခံနေရပြီ။ ဒါတွေလုပ် နေတာကို အစိုးရကပွင့်လင်းမြင်သာချပြ ပြောဆိုတာမရှိဘူး။ နိုင်ငံခြားမီဒီယာတွေက ရေးသားဖော်ပြမှ ကျွန်မတို့ပြည်တွင်း မီဒီယာကလိုက်ပြီးရေးသားရဲတယ်။ အကြောက်တရားတွေရှိနေတယ်။ စီမံကိန်းက BGF နယ်ခြားစောင့်တပ်က လုပ်နေတာဆိုတော့ ပြောဖို့ဆိုဖို့ခက်နေတယ်။ဒီလိုပဲ ကျွန်မတို့ပြည်နယ်ထဲမှာ နယ်စပ်ကနေ ကျောက်မီးသွေးတွေသယ်နေတယ်။ ဂေါဒန်ကျောက်တွေတူးနေတယ်။ နေ့ရောညပါ သယ်ယူနေတယ်။ လမ်းတွေပျက်တယ်။ တောင်ကျရေသွယ်တန်းထားတဲ့ရေပိုက်စနစ်တွေ ပျက်စီးကုန်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ၊ နိုင်ငံတော်အစိုးရတွေက ဘယ်လိုအခွန် အခတွေရတယ်၊ မရဘူးဆိုတာ ကျွန်မတို့ ပြည်သူတွေ မသိရှိရဘူးဖြစ်နေတယ်။ ပြီးတော့ ဒေသခံတွေအတွက်လည်း စီမံကိန်းတွေကြောင့် အခွင့်အရေးတွေ ဆုံးရှုံးနေတယ်''ဟု ကရင် ဖလုံ/စဝေါ် ဒီမိုကရက်တစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ နော်ယုဇနဝါက ပြောဆိုသည်။ 
အဆိုပါရွှေကုက္ကိုဒေသမှာ ယခင်ကကရင်အမျိုးသားအစည်းအရုံး KNU ၏ (ဝမ်းခ)တော်လှန်ရေး စစ်စခန်းဖြစ်ခဲ့ပြီး စစ်အစိုးရခေတ်တွင် KNU မှ DKBA ခွဲထွက်ခဲ့၍ စစ်အစိုးရနှင့်ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှ အဆိုပါဒေသအား ရွှေကုက္ကိုမြိုင်ဟု အမည်ပြောင်းလဲခေါ်တွင်ခဲ့သည်။ 
လက်ရှိတွင် ထိုဒေသသည် ကရင်နယ်ခြားစောင့်တပ် BGF အမှတ်(၃)တပ်နယ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ၏ အုပ်ချုပ်ခံနယ်မြေအဖြစ်တည်ရှိနေသည်။ အဆိုပါနေရာတွင် နိုင်ငံတော်အစိုးရခွင့်ပြု ချက်ဖြင့် အဆင့်မြင့်အိမ်ရာစီမံကိန်းတည်ဆောက်နေသည်ဟုဆိုသော်လည်း အဆင့်မြင့်လောင်းကစား မြို့တော်အဖြစ် တည်ဆောက်သွားမည်ဆိုသော သတင်းများဖြစ်ပေါ်နေလျက်ရှိသည်။ ပြည်နယ်အစိုးရမှ ဒေသခံမျာ အလုပ်အကိုင်အခွင့်အလမ်းရရှိမည်ဟု ပြောဆိုသော်လည်း အမှန်တကယ်တွင် ဒေသခံများ အလုပ်လုပ်ခွင့်မရ၊ ဖြတ်သန်းသွားလာခွင့်မရကြသလို ပြည်နယ်အစိုးရဌာနဆိုင်ရာများမှ စစ်ဆေးရန်၊ အဆိုပါ စီမံကိန်းနေရာသို့ သွားလာရာတွင်လည်း လုံခြုံရေးအရတင်းကြပ်မှုများရှိနေပြီး ဝင်ထွက်ခွင့်ရရန် ကရင်နယ်ခြား စောင့်တပ် BGF တပ်ရင်းလုံခြုံရေးတာဝန်ရှိ ဗိုလ်မှူးအဆင့်ရှိသူက လိုက်ပါပို့ဆောင်မှသာ ဝင်ထွက်သွားလာ ခွင့်ရှိကြောင်း ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတဦးက ပြောသည်။ 

ကဆောဝါး
News Watch 


0 comments:

Post a Comment