Sunday, March 10, 2019

ပိတ်ပင်ထားသော အမျိုးသမီးများနေ့ ချီတက်ပွဲကို တူရကီရဲက မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ဖြိုခွဲ



တူရကီအစိုးရက ပိတ်ပင်ထားမှုကို အန်တုကာ နိုင်ငံတကာ အမျိုးသမီးများနေ့ ချီတက်ပွဲကို အစ္စတန်ဘူးလ်မြို့လယ် စည်ကားသော ဈေးလမ်းပေါ်တွင် ဆင်နွှဲခဲ့ကြသော အမျိုးသမီးထောင်ပေါင်းများစွာသည် လုံခြုံရေးတပ်ဖွဲ့များ၏ အတားအဆီးများ၊ ငရုတ်ကောင်းဖျန်းဆေးများ၊ မျက်ရည်ယိုဓာတ်ငွေ့များ၊ ခွေးများနှင့် ကြုံတွေ့ခဲ့ရသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။ 


အမျိုးသမီးများအား နှိပ်စက်သတ်ဖြတ်သူများကို အစိုးရက အကာအကွယ်ပေးနေသည်ဟု ချီတက်သူများက စွပ်စွဲထားသည်။ 



အစ္စတန်ဘူးလ်မြို့လယ်တွင် နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ချီတက်ခဲ့သူများကို အာဏာပိုင်များက အင်အားအလွန်အကျွံသုံးကာ တုံ့ပြန်ခဲ့သည်။ 



အမျိုးသမီးများ အဓိကပါဝင်သော ဆန္ဒပြသူ ထောင်ပေါင်းများစွာသည် မြို့လယ် အစ္စတစ်ကလာလမ်းပေါ်တွင် စုဝေးချီတက်ခဲ့ကြရာ အင်အားကြီးမားသော လုံခြုံရေးတပ်ဖွဲ့များ၏ တားဆီးပိတ်ဆို့မှုကို ရင်ဆိုင်ခဲ့ရသည်။ ဆန္ဒပြသူများက အမျိုးသမီးများ အကြမ်းဖက်ခံရမှုကို ကန့်ကွက်ခဲ့ကြပြီး လွတ်လပ်ခွင့် ပိုမိုရရှိရေးကို တောင်းဆိုခဲ့ကြသည်။ 



အစပိုင်းတွင် ရဲများက အစ္စတစ် ကလာလမ်း တစ်စိတ်တစ်ပိုင်းအထိ ဝင်ခွင့်ပေးခဲ့ရာ ထိုနေရာတွင် “အမျိုးသားများ၏ အကြမ်းဖက်မှုကို အမျိုးသမီးများ ဆန့်ကျင်ကြ”၊ “လွတ်လပ်စွာ မွေးဖွားပြီး လွတ်လပ်စွာရှင်သန်ကြ”၊ “လူသတ်တဲ့ အမျိုးသားတွေကို ကာကွယ်ပေးနေတဲ့ အစိုးရ”၊ “နှုတ်ဆိတ်မနေဘူး၊ ကြောက်မနေဘူး၊ မနာခံဘူး” စသော ကြွေးကြော်သံစာတမ်းများကို ဆန္ဒပြသူများက လွှင့်ထူခဲ့ကြသည်။ 



ထို့နောက်တွင် အမျိုးသမီးများသည် အတားအဆီးများနှင့် ရဲများအကြားတွင် ပိတ်မိသွားခဲ့ပြီး အမျိုးသမီးများအား ရဲများက တွန်းထုတ်ကာ ငရုတ်ကောင်းဖျန်းဆေးများ၊ မျက်ရည်ယို ဓာတ်ငွေ့များဖြင့် ပစ်ခတ်ကာ ခွေးများဖြင့် ခြောက်လှန့်၍ မောင်းထုတ်ခဲ့ကြသည်။ 



လမ်းမဘေး လမ်းကြားများအတွင်းသို့ ဝင်ပြေးသူများကိုလည်း ရဲများက လိုက်လံမောင်းထုတ်ခဲ့ကြသည်။ ထိခိုက်ဒဏ်ရာရသူနှင့် အဖမ်းခံရသူ ရှိသလားဆိုသည်ကိုမူ သဲကွဲစွာ မသိရသေးပေ။ 



တူရကီတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပျံ့နှံ့လာခြင်းကိစ္စတွင် အကြမ်းဖက်ရိုက်နှက်သူ ယောကျာ်းများကို အကာအကွယ်ပေးနေသည့် သမ္မတတာရစ် အာဒိုဂန်အစိုးရက အကြောင်းရင်းတစ်ခုဖြစ်သည်ဟု တူရကီအမျိုးသမီး အများစုက ပြောကြားသည်။ 



ဆန္ဒပြပွဲမတိုင်မီ တစ်ရက်အလို ကြာသပတေးနေ့တွင် အိမ်တွင်းအကြမ်းဖက်မှုဖြစ်ရပ်တစ်ခုသည် မျက်နှာဖုံးသတင်း ဖြစ်လာခဲ့သည်။ တူရကီနာမည်ကျော် အဆိုတော် ဆီလာအား သူမ၏ချစ်သူ နာမည်ကျော်သရုပ်ဆောင် အာမက်ခူရယ်က ရက်စက်စွာရိုက်နှက်ခဲ့မှုကို ထိုနေ့က ရုံးထုတ်စစ်ဆေးခဲ့သည်။ 



တူရကီ အမျိုးသမီး ၃၈ ရာခိုင်နှုန်း (သုံးဦးလျှင်တစ်ဦးနှုန်း) သည် ၎င်းတို့၏ ဘဝတစ်ကွေ့၌ အိမ်တွင်းအကြမ်းဖက် နှိပ်စက်မှုကို ခံခဲ့ရသည့် သားကောင်များ ဖြစ်ခဲ့သည်ဟု ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြထားသည်။


The Voice

0 comments:

Post a Comment