Sunday, March 10, 2019

E- Government အားကောင်းပါက မြန်မာနိုင်ငံသည် စင်ကာပူ၊ တရုတ်နိုင်ငံတို့ကဲ့သို့ပြောင်းလဲသွားနိုင်ဟု ဆို


မြန်မာနိုင်ငံတွင် E-Government အားကောင်းသွားပါက လာမည့် (၁၀)နှစ်တွင် စင်ကာပူနှင့် တရုတ်နိုင်ငံများကဲ့သို့ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဘဏ်များဆိုင်ရာဥပဒေအကြံပေး ဦးသန်းထွန်းက သုံးသပ်သည်။ 
ရန်ကုန်မြို့ရှိ City Hotelတွင် မတ်လ(၉)ရက်၊ မနက်ပိုင်းက ကျင်းပသည့် “ မိုဘိုင်းလ်ပိုက်ဆံဝန်ဆောင်မှု အမှန်တကယ် စိတ်ချရမှုရှိပြီလား” ဆိုသောခေါင်းစဉ်ဖြင့်ဆွေးနွေးသောဒီဗွီဘီဒီဘိတ် အစီအစဉ်တွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ အခုအစိုးရကလုပ်နေတဲ့ နည်းပညာပိုင်းကျတော့ 3G Ways ၊ 4G Ways ၊ 5G Ways ဆိုပြီး နည်းပညာပိုင်းကို အစိုးရအနေနဲ့ ပိုင်ပိုင်နိုင်နိုင်ဖြစ်လာပြီဆိုရင် ကျွန်တော်တို့နိုင်ငံက စင်ကာပူတို့၊ တရုတ်တို့လို နောက် (၁၀)နှစ် နေရင် ပြောင်းလဲသွားမယ်လို့ ယူဆရပါတယ်၊ အခုလည်းအစိုးရအနေနဲ့လုပ်နေပါတယ်” ဟု ဘဏ်များဆိုင်ရာ ဥပဒေအကြံပေး ဦးသန်းထွန်းက ပြောသည်။ 
အစိုးရအနေဖြင့် E-Government ဖြစ်လာရန် မူဝါဒများ၊ နည်းဥပဒေများ၊ ၀န်ထမ်းအရေအတွက်များ ခိုင်မာရန် လိုအပ်ပြီး၊ နည်းပညာအတွက် လိုအပ်သောပစ္စည်းများကလိုအပ်သလို ဖြည့်တင်းနိုင်သည်ဟု နည်းပညာပညာရှင် အချို့က အကြံပြုထားသည်။ 
လက်ရှိတွင် E-Government စနစ်ကိုကျင့်သုံးနေပြီး ကုန်သွယ်မှုတွင် တရုတ်နိုင်ငံနှင့် အများဆုံး လုပ်ဆောင်ရသည့်အတွက် ယခင်ကဒေါ်လာငွေဖြင့် ပေးချေနေရခြင်းမှ ယခုအခါ တရုတ်ငွေကြေးအတိုင်း ပေးယူဆောင်ရွက်နေကြောင်း သိရသည်။ 
E-Government စနစ်အသုံးပြုနေသော တရုတ်နိုင်ငံတွင် လူဦးရေသန်း ၁၄၀၀ ၌ သန်း ၆၀၀ ခန့်မှာ QR Code များဖြင့် သုံးစွဲနေကြောင်း သိရသည်။ 
မြန်မာနိုင်ငံတွင် ဗဟိုဘဏ်မှ Myanmar Payment Union (MPU) ဟုဆိုကာကတ်စနစ်ဝန်ဆောင်မှုကို စတင်လုပ်ဆောင်နေပြီး၊ ပြည်တွင်းတွင် အစိုးရဘဏ် (၃)ဘဏ်၊ ပုဂ္ဂလိကဘဏ် (၁၉)ဘဏ်နှင့်နိုင်ငံခြားဘဏ် (၁၃)ဘဏ်၊ စုစုပေါင်း (၃၅)ဘဏ်တို့အတွက် ပေါ်လစီအပြောင်းအလဲများ လုပ်ဆောင်နေသည်။ 

ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment