နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီးဦးလှမော်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့သို့ ရောက်ရှိ ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အဖွဲ့အားစစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ခန္တီးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခန္တီးမြို့နယ် အားက စားခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လာရောက်ကြိုဆိုကြသည့် မြို့မိ မြို့ဖများ၊ ခန္တီးမြို့သူ၊မြို့သားများအားလုံးကို ကျေးဇူးတင်သည်ဟု ပြောကြားလိုပါကြောင်း၊ မိမိတို့ ခရီးစဉ်များတွင် ဒေသခံပြည်သူ၊ ပြည်သားများနှင့်တွေ့ဆုံရန် အမြဲကြိုးစားပါကြောင်း၊ အကြောင်းရင်းမှာ မိမိတို့ အချင်းချင်းအကြား ရင်းနှီးမှုရှိစေရန်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံသည် ပြည်ထောင်စု နိုင်ငံဖြစ်ပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ မိမိတို့အားလုံး စည်းလုံးမှ၊ ညီညွတ်မှ အောင်မြင်ပြီး မိမိတို့လိုချင်သည့် ပန်းတိုင်ကို မြန်မြန်ဆန်ဆန်ရောက်ရှိကာ အင်အား တောင့်တင်းမည်ဖြစ်ပါကြောင်း၊ စုစည်းအားဖြင့် မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက် မည်ဆိုသည့် ယုံကြည်ချက်သည် ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ပါကြောင်း။
စုစည်းခြင်း၊ ညီညွတ်ခြင်းသည် မိမိတို့ အင်အားများဖြစ်စေပြီး မတူကွဲပြားမှု များသည်လည်း အင်အားများ၏ အခြေခံတစ်ခုပင်ဖြစ်ပါကြောင်း၊ မတူကွဲပြားမှုများ ကြောင့် အားနည်းသွားခြင်း မဖြစ်စေလိုပါကြောင်း၊ ယင်းရည်ရွယ်ချက်များဖြင့် ပြည်ထောင်စုအတွင်းရှိသည့် မိမိတို့ တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့် တွေ့ဆုံ ထိတွေ့၊ ပြောဆိုရန်နှင့် တစ်ဦးနှင့်တစ်ဦး အမြင်ချင်းဖလှယ်ရန် ကြိုးစားခြင်းဖြစ်ပါ ကြောင်း၊ အဓိကအားဖြင့် ဒေသခံများ၏ အသံကိုကြားလိုပါကြောင်း၊ ပြည်သူ၊ ပြည်သားများ၏ မျှော်လင့်ချက်များ၊ စိုးရိမ်မှုများ ဘာတွေရှိလဲဆိုသည်ကို သိချင်ပါ ကြောင်း။
ပြည်သူ၊ ပြည်သားများကလည်း နိုင်ငံတော်အစိုးရ၏တာဝန်များကို ထမ်းဆောင် နေသည့် ပုဂ္ဂိုလ်များ၏ အနေအထား၊ အတွေးအခေါ်များကိုသိရန် အခွင့်အရေး ရှိသကဲ့သို့ ရှိအောင်လုပ်ရမည့်တာဝန်လည်းရှိပါကြောင်း၊ လူတိုင်း၊ လူတိုင်းသည် ကိုယ့် နိုင်ငံကို တာဝန်ယူရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသား တစ်ဦးချင်း၊ တစ်ယောက်ချင်းသည် တာဝန်ကျေမည်ဆိုပါက နိုင်ငံအတွက်ဘာမျှ စိုးရိမ်စရာ မရှိပါကြောင်း။
အဓိကအားဖြင့် မိမိ၏တာဝန်ဘာလဲဆိုသည်ကိုသိရန် အရေးကြီးပါကြောင်း၊ တချို့က တာဝန်ကျေသည်ဆိုသော်လည်း မိမိ၏အဓိက တာဝန်ဘာလဲဆိုသည်ကို သိပ်ပြီးမရှင်းလင်းကြပါကြောင်း၊ မိမိအနေဖြင့် ပြောလိုသည်မှာ ပြည်ထောင်စုအတွက် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုကြီး ခိုင်မာရေး၊ သာယာဝပြောရေး၊ အေးချမ်းရေးစသည့် ရည်ရွယ်ချက်များ အောင်မြင်အောင်၊ ပြည့်စုံအောင်လုပ်ဆောင်နိုင်ရန် နိုင်ငံသူ၊ နိုင်ငံ သားများ၏ အရေးကြီးဆုံးတာဝန်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအပေါ် တာဝန်ကျေပြီးမှ မိမိတို့၏ ပြည်နယ်၊ တိုင်းအပေါ်တာဝန်ကျေရန် ဖြစ်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်နယ်၊ တိုင်းအပေါ်တာဝန်ကျေမှ မိမိတို့ မြို့နယ် ၊ရပ်ကျေးအပေါ် တာဝန်ကျေနိုင် မည်ဖြစ်ပါကြောင်း၊ မိမိတို့၏ မြို့နယ်၊ ရပ်ကျေးအပေါ်တာဝန်ကျေမှ မိမိတို့ မိသားစုနှင့် မိတ်ဆွေအသိုင်းအ၀ိုင်းအပေါ် တာဝန်ကျေနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ အားလုံး တာဝန်ကိုရှေ့ထားပြီး လုပ်ဆောင်စေလိုပါကြောင်း။
မိမိတို့ နိုင်ငံသည် ယခုအချိန်တွင် ချမ်းသာသည့် နိုင်ငံဟုမပြောနိုင်သေးသော် လည်း တိုးတက်မှုများသိသိသာသာ ရှိလာပါကြောင်း၊ အဆိုပါတိုးတက်မှုများ ရှိလာခြင်း သည် ဒေသတိုင်းတန်းတူညီမျှသည့် တိုးတက်မှုကို ရောက်ချင်မှရောက်မည်ဖြစ်ပါ ကြောင်း၊ မိမိတို့၏ ရည်ရွယ်ချက်တစ်ခုမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်းကို တစ်ပြေးညီ ဖြစ်စေလိုပါကြောင်း၊ အချို့နေရာတွင် ချမ်းသာကြွယ်ဝပြီး အချို့နေရာတွင် ဆင်းရဲမှုနှင့် ရုန်းကန်နေရခြင်းများ မဖြစ်စေလိုပါကြောင်း။
တိုးတက်ဖွံ့ဖြိုးမှုဆိုသည်မှာ တန်းတူညီမျှအားလုံး တိုးတက်ဖွံ့ဖြိုးချမ်းသာရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ချမ်းသာကြွယ်ဝမှုသည် အဓိက ပြည်သူ ပြည်သားများ၏ အရည်အချင်းဖြစ်ပါကြောင်း၊ ပြည်သူပြည်သားများ အရည်အချင်း မြင့်မှနိုင်ငံချမ်းသာပြီး လမ်းမှန်ပေါ်ရောက်ကာ လိုချင်သည့်ပန်းတိုင်ကို ဖြောင့်ဖြောင့် ဖြူးဖြူးရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း။
မိမိတို့ခန္တီးသို့ လေယာဉ်ဆိုက်သည့်အချိန်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံကို တွေ့ခဲ့ရပါကြောင်း၊ ယခုကဲ့သို့တိုင်းရင်းသားလူမျိုးပေါင်းစုံ အေးအေးချမ်းချမ်းချစ်ချစ် ခင်ခင်နှင့် နေနိုင်သည်ဆိုခြင်းမှာ ခန္တီးမြို့၏ဂုဏ်ကျက်သရေ ဖြစ်သကဲ့သို့ ပြည်ထောင်စု တစ်ခုလုံး၏ဂုဏ်ကျက်သရေ လည်းဖြစ်ပါကြောင်း၊ နိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်း စုံပြီး အတွေးအခေါ် ပေါင်းစုံရှိသော်လည်း အချင်းချင်း မသင့်မြတ်စရာအကြောင်းမရှိပါ ကြောင်း၊ အတွေးအခေါ်ပေါင်းစုံကို အေးအေးဆေးဆေးညှိနှိုင်းဖြေရှင်းနိုင်ခြင်းသည် အဓိကပင် ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရသည် အကြမ်းဖက်မှုကို ယုံကြည်ထားသည့် အစိုးရမဟုတ်ပါကြောင်း၊ မိမိတို့လိုချင်သည့်ပန်းတိုင်ကို ရောက်အောင်အကြမ်းမဖက် သည့်နည်းများနှင့် သွားနိုင်သည်ဟို ယုံကြည်သည့်အစိုးရဖြစ်ပါကြောင်း၊ မည်သည့်အခါ ကမျှ အကြမ်းဖက်နည်းနှင့် လိုချင်သည့်ပန်းတိုင်ကိုရောက်ရန် မကြိုးစားခဲ့ပါကြောင်း၊ နောင်လည်း ကြိုးစားမည်မဟုတ်ပါကြောင်း၊ အကြမ်းမဖက်သည့်နည်းများနှင့် ဥပဒေ ဘောင်အတွင်းမှ လိုချင်သည့်ပန်းတိုင်ကို ပြည်သူပြည်သားအားလုံးနှင့် လက်တွဲပြီး ကြိုးစားသွားမည်ဖြစ်ပါကြောင်း။
တိုင်းရင်းသား ညီအစ်ကိုမောင်နှမများကလည်း ထိုကဲ့သို့စိတ်ဓာတ်မျိုး ထားစေလို ပါကြောင်း၊ မိမိတို့လိုချင်သည့်ပန်းတိုင်ကို တစိုက်မတ်မတ် ကံ၊ဉာဏ်၊ ၀ီရိယဆောင်ပြီး သွားကြစေလိုပါကြောင်း၊ ထိုသို့ သွားသည့်အခါ ငြိမ်းငြိမ်း ချမ်းချမ်းနှင့် နိုင်ငံ၏ ညီညွတ် ရေးကိုရှေးရှုပြီး သွားကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ပြည်သူ ပြည်သားများအတွက် ဖွံ့ဖြိုးတိုးတက်ရန် များစွာလိုအပ်နေပါသေးကြောင်း ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရန် လိုသည့်အချိန်တွင် မကျေနပ်မှုများကို အားလုံးအတူလက်တွဲပြီး ဖြေရှင်း၍ရနိုင်ပါ ကြောင်း။ အားလုံးအတူလက်တွဲပြီး ဖြေရှင်းရာတွင် မိမိတို့ ပြည်သူ ပြည်သားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အစိုးရတာဝန်ကို ထမ်းဆောင်နေသည့် အစိုးရအဖွဲ့ဝင်များလည်းပါ ၀င်ရမည်ဖြစ်ပါကြောင်း။
အခက်အခဲများရှိသည့်ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများ အနေဖြင့် မိမိနိုင်ငံအတွက် တာဝန်ထမ်းဆောင်နိုင်ခြင်းကို ဂုဏ်ယူကြစေလိုပါကြောင်း၊ နိုင်ငံ့အကျိုးအတွက် နိစ္စဓူဝ လုပ်ပိုင်ခွင့်ရှိခြင်းကို ဂုဏ်ယူစေလိုပါကြောင်း၊ ယင်းစိတ် နှင့်လုပ်စေချင်ပါကြောင်း၊ ပြည်သူပြည်သားများအပေါ် စေတနာထားပြီး တာဝန်ကို ထမ်းဆောင်စေလိုပါကြောင်း။
ဝန်ထမ်းများကို အထူးမေတ္တာရပ်ခံလိုသည်မှာ မိမိတို့၏ တာဝန်ကို ကျေပွန်ရုံ မက ပြည်သူအပေါ် စေတနာအပြည့်အ၀နှင့် လုပ်ဆောင်ပေးကြရန် သတိပေးလိုပါ ကြောင်း၊ ပြည်သူနှင့်ဝန်ထမ်းများ၏ ဆက်ဆံရေးသည် နှစ်ဦးနှစ်ဖက်စလုံး အပြန်အလှန် လေးစားမှုရှိရမည်ဖြစ်ပါကြောင်း၊ ၀န်ထမ်းများကလည်း ပြည်သူကိုလေးစားပြီး ပြည်သူ ကလည်း ၀န်ထမ်းများကို လေးစားရမည်ဖြစ်ပါကြောင်း၊ အချို့သော ပြည်သူများ၏ စိတ်ထဲတွင် ၀န်ထမ်းများသည် သြဇာပြရန်နှင့် ဖိနှိပ်ရန်ဟု ထင်နေကြပါကြောင်း၊ ယင်းသို့အထင်ခံနေရသည့်ဝန်ထမ်းများကလည်း မိမိကိုယ်ကိုပြန်ပြီး သုံးသပ်စေလိုပါ ကြောင်း၊ မိမိအနေဖြင့် ဘာကြောင့်အထင်ခံရသလဲဆိုသည်ကို စဉ်းစားပြီး ယင်းသို့အထင် မခံရအောင် နေစေလိုပါကြောင်း၊ ပြည်သူပြည်သားများ အနေဖြင့်လည်း ၀န်ထမ်းများ၏ အလုပ်ကို နားလည်ပေးစေလိုပါကြောင်း။
မိမိတို့နိုင်ငံက ၀န်ထမ်းများသည် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံက၀န်ထမ်းများနှင့် ယှဉ်ပါက အခွင့်အရေးနည်းပါးပါကြောင်း၊ လစာ၊ ၀င်ငွေ နည်းပါးပါကြောင်း၊ သို့သော် မိမိတို့အားလုံးဝိုင်းပြီး လုပ်ဆောင်နေခြင်းသည် တစ်ဦးတစ်ယောက်တည်းချမ်းသာရန် မဟုတ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံလုံးချမ်းသာရန် လုပ်ဆောင်နေကြခြင်းဖြစ်ပါကြောင်း၊ ၀န်ထမ်းများကလည်း နိုင်ငံတစ်နိုင်ငံလုံးချမ်းသာရန် လုပ်ဆောင်နေရမည်ဆိုသည့် စိတ်နှင့်တာဝန်ထမ်းဆောင်သကဲ့သို့ ပြည်သူ ပြည်သားများကလည်း ၀န်ထမ်းများ မှန်မှန်ကန်ကန်နှင့် နိုင်ငံအကျိုးလုပ်ဆောင်နိုင်အောင် အားပေးစေလိုပါကြောင်း၊ ပံ့ပိုး ပေးစေလိုပါကြောင်း၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ပံ့ပိုးမှ တစ်ဖွဲ့နှင့်တစ်ဖွဲ့ နားလည်မှုရှိမှ နိုင်ငံက တိုးတက်နိုင်မည်ဖြစ်ပါကြောင်း၊ မေတ္တာ၊စေတနာ၊ အခြေခံသည့်စနစ်သာလျှင် ရေရှည် တွင် အောင်မြင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် ရေတိုအကျိုးအမြတ်များကို မကြည့်ဘဲ နိုင်ငံ၏သာယာငြိမ်းချမ်းရေးကိုကြည့်ပြီး လက်တွဲဆောင်ရွက်ကြရန် မေတ္တာ ရပ်ခံလိုပါကြောင်း၊
ကျန်းမာရေး၊ ပညာရေးနှင့်ပတ်သက်၍ ပြောရမည်ဆိုပါက တစ်နိုင်ငံလုံးတွင် ပညာရေး၊ ကျန်းမာရေးလုံလောက်သည့် အခြေအနေ၊ ဖြစ်စေချင်သည့် အခြေအနေသို့ မရောက်သေးပါကြောင်း၊ သို့သော် ကြိုးစားနေပါကြောင်း၊ မိမိအနေဖြင့် သတိထား မိသည့် မေးခွန်းများတွင် ကျန်းမာရေးနှင့်ပတ်သက်သည့် မေးခွန်းများပါဝင်ပါကြောင်း၊ အချို့မေးခွန်းများသည် တိုင်းအစိုးရက ဖြေဆိုရမည့်မေးခွန်းများဖြစ်ပါကြောင်း၊ တိုင်း အစိုးရက ဖြေဆိုရမည့်မေးခွန်းများကို တိုင်းဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီး များကဖြေဆိုမည်ဖြစ်ပါကြောင်း။
အမေးအဖြေလုပ်ခြင်းသည် တစ်ဦးနှင့်တစ်ဦး နားလည်မှုရှာခြင်းဟု ပြောလိုပါကြောင်း၊ ထို့ကြောင့်မေးခွန်းများမေးမြန်းဖြေကြားရာတွင် နှစ်ဦးနှစ်ဖက် မိတ်ဆွေစိတ်နှင့် တစ်ဦးကိုတစ်ဦး ကူညီချင်သည့်စိတ်၊ အောင်မြင်စေချင်သည့်စိတ်နှင့် မေးမြန်းစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများကသိမ်းဆည်း မြေပြန်လည် ရရှိရေး၊ မြေယာနစ်နာမှုအတွက် မြေကွက်အစားရရှိရေး၊ နာဂရိုးရာထုံးတမ်း အစဉ်အလာများအားမြှင့်တင်ရာတွင် နိုင်ငံတော်အစိုးရကပံ့ပိုးကူညီပေးရေး၊ ဝန်ထမ်းများခန့်အပ်ရာတွင် ဒေသခံများအားဦးစားပေးခန့်ထားရေး၊ မြေယာ သိမ်းဆည်းပြီးမြေကွက်များ ထုတ်ဖော်ခဲ့ရာတွင် ကျန်မြေကွက်များတွင် နစ်နာသူများ နေထိုင်ခွင့်ရရှိရေး၊ ဟုမ္မလင်းမှ ခန္တီးသို့သစ်သယ်ယူခွင့်ရရှိရေး၊ နန်စီပွန်ကျေးရွာမှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက်ဆောင်ရွက်ပေးရေး၊ဆရာ၊ဆရာမဖြည့်ဆည်းပေးရေး၊တိုင်းရင်းသား ဘာသာစာအုပ်များ ထောက်ပံ့ပေးရေး၊ တိုင်းရင်းသားစာပေသင်ကြားသည့် ဆရာ၊ ဆရာမများအား သင်တန်းများတက် ရောက်ခွင့်ရရှိရေး၊ခန္တီးမြို့ လျှပ်စစ်ဓာတ်အား ရရှိရေး၊နန်စီပွန် ဒေသတွင် ကျောက်စိမ်းတူးဖော်ခွင့် ရရှိသည့် ကုမ္မဏီများအနေဖြင့် ခွင့်ပြုရက်နှင့် သတ်မှတ်ကာလ ကုန်ဆုံးရက် တို့ကို အများပြည်သူများသိရှိနိုင်အောင် ဆိုင်းဘုတ်များစိုက်ထူပေးရေး တို့နှင့် စပ်လျဉ်း၍တင်ပြကြသည်။
တင်ပြချက်များစပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ဆောင်ရွက်ပေးမည့် အခြေ အနေများကို ပြန်လည်ရှင်းလင်းကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများသိမ်းဆည်းမြေများ ပြန်လည် ရရှိရေးအတွက် စနစ်တကျ ဆောင်ရွက်တတ်စေရန် တာဝန်ရှိသူများက ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ပြည်ထောင်စု နိုင်ငံ ဖြစ်ပါကြောင်း၊ ဒေသတိုင်းတွင်ပြောဆိုသည့် ဘာသာစကားများ ကွာခြား ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ဘာသာစကားကျွမ်းကျင်သည့် ဒေသခံ များကို ဦးစားပေးရွေးချယ်ရေးအတွက် မူဝါဒချမှတ်ရန် စီစဉ်လျက်ရှိပါ ကြောင်း၊ နာဂရိုးရာထုံးတမ်းအစဉ်အလာများဖြစ်သည့် တောင်ယာစိုက်ပျိုးမှု များနှင့် ပက်သတ်ပြီး ခွင့်ပြုချက်များ ရယူရာတွင် လွယ်ကူလျင်မြန်စေရန် အုပ်ချုပ်ရေးဘက်တာဝန်ရှိသူများက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး အစိုးရ အားမှာကြားခဲ့ပါကြောင်း၊ တိုင်းရင်းသားရိုးသားယဉ်ကျေးမှု ဓလေ့ထုံး တမ်းထိန်းသိမ်း မြှင့်တင်ရေးနှင့်ပတ်သက်၍ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာ နနှင့် တိုင်းဒေသကြီးအစိုးရတို့က ဖြည့်ဆည်းဆောင်ရွက်ပေး ရန်ဖြစ်ကြောင်း အကျယ် တဝင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တွေ့ဆုံပွဲသို့တက် ရောက်လာကြသည့် ဒေသခံတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူ လေးများနှင့် မှတ်တမ်းဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခန္တီးပြည်သူ့ ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား အားပေး စကား ပြောကြားကာ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ခန္တီးမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာလဟယ်မြို့သို့ ရောက်ရှိကြပြီး လဟယ်မြို့ စာရာမေရိရိပ်သာ၌ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဝင်များ၊ ဝန်ထမ်းများ၊ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဝေးလံခေါင်သီ သည့်ဒေသများ၏ လိုအပ်ချက်မှာဆင်တူပါကြောင်း၊ လမ်းပန်းဆက်သွယ် ရေးမှာ အဓိကကျပါကြောင်း၊ လဟယ်ဒေသ၏လမ်းပန်းဆက်သွယ်ရေးမှာ တိုးတက်နေပြီဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြားဖွံ့ဖြိုးမှုမှာ ဆက်နွယ်နေပါကြောင်း၊လမ်းပန်းဆက်သွယ်ရေးကိုတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုထက်တိုးတက်အောင် လုပ်ဆောင်သွားရမည်ဖြစ်ပြီး အရေးကြီး ပါကြောင်း၊ ပညာရေးကဏ္ဍတွင် ဆရာ၊ ဆရာမလိုအပ်ချက်ဖြည့်ဆည်း နိုင်ရန်မှာ ငွေကြေးလိုအပ်ချက်ဖြစ်ပါကြောင်း၊ ပညာရေးဘတ်ဂျက်ကိုလည်း တိုးမြှင့်သုံးစွဲလျက်ရှိပါကြောင်း၊ ပညာရေးဝန်ထမ်းများအဖြစ် ဒေသခံများအား ခန့်အပ်နိုင်ရေးကိုလုပ်ဆောင်နေပါကြောင်း၊ ဆရာ၊ဆရာမများကိုလည်း တိုင်းရင်းသားစာပေ၊ ဘာသာစကားတတ်မြောက်အောင် ဖြည့်ဆည်းပေး လျက်ရှိပါကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် ကျန်းမာရေး ဝန်ထမ်းများ၏ အရည်အချင်းကို ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ဝေးလံခေါင်သီသည့် ဒေသများတွင် တာဝန်ထမ်းဆောင်နေကြသည့် ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းများအတွက် အိမ်ရာများကိုလည်းဦးစားပေး ဆောင်ရွက်လျက်ရှိပါ ကြောင်းပြောကြားသည်။
ယင်းနောက် မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများတင်ပြထားသည့် လိုအပ်ချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ပြန်လည်ရှင်းလင်းဖြေကြားကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က သိမ်းဆည်းခံလယ်ယာမြေများနှင့် စပ်လျဉ်း၍ မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရေးအတွက် ၂ဝ၁၃ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ထားပါကြောင်း၊ သိမ်းဆည်း မြေပြန်လည် စိစစ်ရာတွင် ၁၉၈၈ နောက်ပိုင်း သိမ်းဆည်မြေများသာ အကျုံး ဝင်ပါကြောင်း၊ သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် သိမ်းဆည်းသူ များကိုယ်တိုင်က ပြန်လည်မပေးအပ်လိုခြင်း၊ အချို့တွင် အုပ်ချုပ်ရေး အဖွဲ့များ၏ စီမံခန့်ခွဲမှုကြန့်ကြာနေခြင်း၊ ပိုင်ဆိုင်မှုအငြင်းပွား နေခြင်းတို့ ကြောင့် ဖြစ်ပါကြောင်း၊ သို့သော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်ပြီးဆောင်ရွက်နေပါ ကြောင်း၊လဟယ်မြို့ပေါ် သောက်သုံးရေ ဖူလုံရေးလုပ်ငန်းဆောင်ရွက်ရန် ဘဏ္ဍာငွေရရှိပြီး ဖြစ်သည် ဟုသိရပါကြောင်း၊ သိမ်းဆည်မြေမှ အသုံးမပြုသည့်မြေအား မြို့မြေတိုး ချဲ့ရေးတင်ပြချက်ကိုလည်း စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လဟယ်-ရန်လုံးလမ်းရာသီမရွေး သွားလာနိုင်ရန်အတွက် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်မှ စတင်ပြီးရန်ပုံငွေတင်ပြဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ နာဂ ကုန်သွယ်ရေးဇုန်ဖွင့်လှစ်နိုင်ရန် လဟယ်-ရန်လုံးလမ်းရာသီမရွေး သွားနိုင်ရေးဆောင်ရွက်ပြီးစီးသည့်အခါမှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ နာဂရိုးရာ ပြတိုက်တည်ဆောက်နိုင်ရန် တိုင်းဒေသကြီးအစိုးရက ကူညီပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်း၊ လဟယ်မြို့မှ ဒေသခံများအားပညာရေး ဝန်ထမ်း များအဖြစ်ခန့်အပ်ပေးနိုင်ရေးမှာလည်း ဘာသာစကားကျွမ်းကျင်မှုကို အခြေခံ ၍ ဦးစားပေးခန့်အပ်ရန် စီစဉ်လျက်ရှိပါကြောင်း ဖြည့်စွက်ရှင်းလင်း ပြောကြား သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကဒေသဖွံ့ဖြိုးအတွက် ထောက်ပံ့ငွေ ကျပ်သိန်း၂ဝဝ နှင့် စားသောက်ကုန်ပစ္စည်းများကို ပေးအပ်ရာ မြို့မိ မြို့ဖများကလက်ခံကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂါရဝပြု လက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ခန္တီးမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာဟုမ္မလင်းမြို့သို့ ရောက်ရှိကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟုမ္မလင်းမြို့နယ် အားကစားခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်.
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ အစိုးရ အနေဖြင့် စတင်တာဝန်ယူချိန်မှစပြီး ဝေးလံခေါင်သီသည့် ဒေသများဖွံ့ဖြိုး တိုးတက်ရေးကိုအထူးအလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင် ရွက်ရာတွင် ဟုမ္မလင်းမြို့နယ်လည်း ပါဝင်ပါကြောင်း၊ လူတိုင်းသည် အခွင့် အရေးရှိပြီး တာဝန်လည်းရှိပါကြောင်း၊ ထို့ကြောင့် တာဝန်နှင့် အခွင့်အရေးကို မျှမျှတတဖြစ်စေလိုပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အခက်အခဲများအ ကြားမှ ညီညီမျှမျှဖွံ့ဖြိုးတိုးတက်မှု ရှိရန် ဆောင်ရွက်နေပါကြောင်း၊ ပညာရေးနှင့်ကျန်းမာရေး ကဏ္ဍမှာ သိသိသာသာ တိုးတက်လာပါကြောင်း၊ သို့သော်လုံလောက်သည့် တိုးတက်မှု မဟုတ်သေးပါကြောင်း၊ မိမိတို့ အတွက် တန်ဖိုးအရှိဆုံးအရင်းအမြစ်မှာ ပြည်သူဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ သည် ပြည်ထောင်စုနိုင်ငံဖြစ်ပြီး မတူညီသည့် တိုင်းရင်းသားများအတူတကွ နေထိုင်ခြင်းမှာ နိုင်ငံတော်ကို ပိုမိုလှပစေပါကြောင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက IEE/EMP ကူးဆွဲရန် ကုန်ကျစရိတ်အတွက် အသေးစား၊ အလတ်စားလုပ်ငန်းများကို ဖြေလျော့ပေးရေး၊ ရွှေတူးဖော်ရာတွင် ပြဒါးသုံးစွဲမှုနှင့်စပ်လျဉ်း၍ ပြည်သူလူ ထု၏ အခက်အခဲကို နားထောင်ပေးရေး၊ဟုမ္မလင်းမြို့ လက်ရှိတွင် မီတာခ ဈေးနှုန်းမြှင့်မားနေသည့်အတွက် ရေအားလျှပ်စစ် ဆောင်ရွက်ပေးရေး၊ ချင်းတွင်းမြစ်ကူးတံတားနှင့် ဟုမ္မလင်းရပ်ကွက် လမ်းဖောက်ပေးရေး၊ ဟုမ္မလင်းဆိပ်ကမ်းအား မြေထိန်းနရံဆောင်ရွက်ပေးနိုင်ရေး၊ ဟုမ္မလင်းမြို့ တာပတောင်းကျေးရွာ ချောင်းတိမ်ကောနေမှုအား ပြုပြင်ပေးရေး၊ သိမ်းဆည်းမြေပြန်လည်ရရှိရေး၊ နောင်ပိုအောင်-နမ့်တောကျေးရွာချင်းဆက် လမ်းကွန်ကရစ်လမ်းဆောင်ရွက်ပေးရေး၊ ဟုမ္မလင်းဈေးဆိုင်ခန်းများ အခွန် ကောက်ခံမှုနှင့်စပ်လျဉ်းရှင်းလင်းပေးရေး၊ ဟုမ္မလင်းမြို့ ချောင်းကြီးချောင်း အတွင်း စက်ယန္တားများဖြင့် ရွှေတူးဖော်နေမှုအားစိစစ်ပေးရေး၊ ဟုမ္မလင်း- ဗန်းမောက် လမ်းအဆင့်မြှင့်တင်ပေးရေး၊ မြေနုကျွန်းများရရှိရေးနှင့် ရွှေတူးဖော်မှုကြောင့် လယ်မြေများရွံနွံများကြောင့် ပျက်စီးနေသည့်အတွက် စိစစ်ဆောင်ရွက်ပေးရေးတို့နှင့်စပ်လျဉ်း၍ တင်ပြကြ သည်။
တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများအား ရှင်းလင်းပြောကြား ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသခံပြည်သူများ အနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ယုံကြည်ကြစေလိုကြောင်း၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း ပြည်သူနှင့် ရင်းရင်းနှီးနှီးရှိအောင် ရပ်ကွက်၊ ကျေးရွာများအထိ သွားရောက်ပြီး ပြည်သူ၏ ယုံကြည်မှုရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။















0 comments:
Post a Comment