Wednesday, March 27, 2019

လူမှုဖူလုံရေးအဖွဲ့က အကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများအပြင် ကျန်းမာရေး ဝန်ဆောင်မှုကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို လုပ်ဆောင်မည်


လူမှုဖူလုံရေးအဖွဲ့က အကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများသာမက ကျန်းမာရေးဝန်ဆောင်မှု ကုမ္ပဏီများနှင့်လည်း စာချုပ်ချုပ်ဆို လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ 
လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပိုမိုထိရောက် ကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီး ပြင်ပ လူနာဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို Provider Purchaser Split စနစ်အရ မြှင့်တင်ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသည့် Capitation ငွေပေးချေစနစ်ဖြင့် ဆေးခန်းများ ဖွင့်လှစ်၍ လည်းကောင်း၊ ကျန်းမာရေးဝန်ဆောင်မှု ကုမ္ပဏီများနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီး ဝန်ဆောင်မှု တစ်ကြိမ်အတွက် သတ်မှတ်ထားသည့် နှုန်းထားဖြင့် ငွေပြန်လည်ပေးချေခြင်း (Per Visit) ဖြင့် လည်းကောင်း၊ ဆေးဝါးသုံးစွဲမှုအတွက် (Free for Service) ဖြင့် ငွေပြန်လည် ပေးချေခြင်း နည်းလမ်းများဖြင့် လည်းကောင်း စမ်းသပ်ကျင့်သုံး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ 

လက်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် အကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ပြင်ပလူနာကုသမှု (OPD CARE) အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိသည်။ 

လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများ မနာမကျန်းမှု၊ မီးဖွားမှု၊ အလုပ်ခွင် ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှု စသည့် လူမှုဒုက္ခများ ကြုံတွေ့ရသည့်အခါ အာမခံ အလုပ်သမားများနှင့် မှီခိုသူမိသားစုများ လူမှုရေးအခက်အခဲ မဖြစ်ပေါ်စေရန်အတွက်ဆေးကုသပေးခြင်းနှင့် ငွေကြေး အကျိုးခံစားခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးနေသော “လူမှုရေးအရဝန်ဆောင်မှုပေးသော အဖွဲ့အစည်းတစ်ခု” ဖြစ် ကြောင်း သိရသည်။ 

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် မကျန်းမာမှု ဖြစ်သောအချိန်တွင် ဆေးကုသမှုပေးခြင်း၊ ဝင်ငွေမရှိသော အချိန်တွင် ဝင်ငွေရှိလာရန် ထောက်ပံ့ ကူညီပေးခြင်း၊ အလုပ်ကြောင့် ရောဂါဖြစ်ခဲ့ပါက ဆေးရုံတက် ကုသခွင့်ပေးခြင်း၊ မီးဖွားမှုအတွက် ထောက်ပံ့မှုများပေးခြင်း၊ လုပ်ငန်းခွင်တွင် မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးခဲ့ပါက ကျန်ရစ်သူ အကျိုးခံစားခွင့်များ ထောက်ပံ့ပေးခြင်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ လူမှုဖူလုံရေးစနစ် အာမခံထားရှိရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှာ ကျန်းမာရေးစစ်ဆေးမှု ခံယူရန်၊ ခန့်အပ်သည့် အလုပ်ကို စွမ်းဆောင်နိုင်ဖွယ် မရှိလျှင် လည်းကောင်း၊ နာတာရှည်ရောဂါ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိလျှင် လည်းကောင်း လူမှုဖူလုံရေးဆေးရုံကြီး (သို့မဟုတ်) သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနသို့ ရောဂါရှာဖွေနိုင်ရန် စေလွှတ်ခြင်း၊ ကုန်ကျစရိတ်ကို လုပ်ငန်းဌာန၏ အလုပ်သမားအတွက်ဖြစ်ပါက အလုပ်ရှင်ကသော် လည်းကောင်း၊ မိမိဆန္ဒအလျောက် အာမခံထားသူဖြစ်ပါက ကိုယ်တိုင်ကျခံရန် ဖြစ်ကြောင်း သိရသည်။ 

ယခုအခါ ဝန်ကြီးဌာနများ၊ ဦးစီးဌာနနှင့် အဖွဲ့အစည်းများ ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းခြင်းများ ရှိပါသဖြင့် ပြောင်းလဲနေသည့် အခြေအနေများနှင့်အညီ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အဖွဲ့သစ်ကို အဖွဲ့ဝင် ၂၀ ဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၉၁/၂၀၁၇) ဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment