တရုတ်နိုင်ငံ၏ အဖမ်းအဆီးများကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးတွင် ဆန်တန်ချိန်လေးသောင်း ကျော်ပိတ် မိနေခြင်းကို တရုတ်နိုင်ငံအစိုးရနှင့် အမြန်ဆုံးပြေလည်အောင် ညှိနှိုင်းအဖြေရှာပေးရန် နိုင်ငံတော်ဒုတိယသမ္မတ ၁ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ တင်ပြတောင်းဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
ယခုလ ၁၅ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပပြုလုပ်သည့် ၂၅ ကြိမ်မြောက် နိုင်ငံတော်ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းက တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
"တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်တဲ့ မူဆယ်နယ်စပ်မှာ ပိတ်နေတဲ့အတွက် တရုတ်နိုင်ငံ က ဝယ်လက်တွေကအစ အဖမ်းအဆီးတွေရှိတဲ့ ဆန် တန်ချိန် လေးသောင်းကျော်၊ ငါးသောင်းလောက် မူဆယ်မှာ သွားပြီးပိတ်မိနေတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ရဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေဖြစ်တဲ့ ဆန်စက်လုပ်ငန်းရှင်တွေ
အခက်အခဲတွေဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စကို တရုတ်နိုင်ငံ အစိုးရနဲ့ အထူးသဖြင့် ယူနန်ပြ ည်နယ်အစိုးရနဲ့ အမြန်ဆုံးပြေလည်အောင် ညှိနှိုင်းအဖြေ ရှာပေးဖို့ ကျွန်တော်တို့ ဦးစားပေးပြောဖြစ်ပါတယ်။" ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ ဆန်တန်ချိန်လေးသောင်း ကျော်ပိတ် မိနေ သည့်အတွက် မန္တလေး၊ မူဆယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းစသည့် ပြည်တွင်းရှိအသေးစားနှင့် အလတ်စား ဆန်စက်လုပ်ငန်းရှင်များ အခက်အခဲဖြစ်ပေါ်နေ သည်ဟုဆိုသည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲ၌ တောင်းဆိုချက် ၅ရပ် တင်ပြခဲ့ရာ တောင်သူလယ်သမားများ စပါးပေါ်ချိန်တွင် ဈေးကောင်းရရန်အတွက်လည်း ကောင်း၊ အသေးစားနှင့် အလတ်စား ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူများအတွက် လည်းကောင်း အဓိကလိုအပ်နေသည့် နယ်စပ်မှ တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချရေး အဆင်ပြေလွယ်ကူချောမွေ့စေရန် အထူးဦးစားပေး၍ အစိုးရချင်းညှိနှိုင်း ဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုခဲ့သည်။
မူဆယ်နယ်စပ်တွင် ရောက်ရှိနေသော ဆန်တန်ချိန် ငါးသောင်းဝန်းကျင်အတွက် ယူနန်ပြည်နယ် အစိုးရနှင့်လည်းကောင်း၊ ယူနန်ပြည်နယ်မှ Buyer များနှင့်လည်းကောင်း အထူး ဦးစားပေးညှိနှိုင်းပေးရန် တင်ပြတောင်းဆိုခဲ့သည်ဟုဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံသို့ ဆန်၊ ဆန်ကွဲ တင်ပို့ရောင်းချမှုအတွက် Quota ရရှိရေး၊ နှစ်နိုင်ငံ MoU စာချုပ်ချုပ်ဆိုရေး ကိစ္စများကို အမြန်ဆုံး ထိရောက်စွာ ကူညီဆောင်ရွက်ပေးပါရန် စသည်တို့ဖြစ်သည်။
"မကြာခင်မှာ နွေစပါးပေါ်ချိန်ဖြစ်တော့မယ်။ တောင်သူလယ်သမားတွေ ကုန်သွယ်မှုလုပ်နိုင်ဖို့က အရေးကြီးတယ်။ ဒါကြောင့် တရုတ်နဲ့ G to G ညှိနှိုင်းတဲ့ အပိုင်းတွေကို ပိုပြီးထိထိရောက်ရောက် လုပ်ပေးဖို့လည်း တင်ပြပါတယ်။ "ဟု ဦးရဲမင်းအောင်ကပြောသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်တွင် ဖေဖော်ဝါရီလက ကျင်းပပြုလုပ်ခဲ့သည့် The 2nd China Myanmar E conomic Corridor Forum သို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ကုန်သည် စက်မှုလက်မှုအသင်းချုပ် (UMFCCI) တို့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ပါဝင်တက်ရောက်ခဲ့ပြီး ယခုနှစ် အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၄သိန်း အထိ Quota ဖြင့် တရားဝင် တင်ပို့ ခွင့်ရရှိရေးကို ညှိနှိုင်းခဲ့ကြောင်း သိရသည်။
ဝေဝေဖြိုး
The Fifth Wave News







0 comments:
Post a Comment