ထိုင်းနိုင်ငံ အမှတ်(၄)စစ်တိုင်းမှုး ဒုဗိုလ်ချုပ်ကြီး ပွန်ဆက်ပူဆာဝပ်ဟာ မတ်လ ၅ ရက်နေ့မှာ နိုင်ငံတောင်ပိုင်းနယ်စပ်ပြည်နယ်တွေက ဗုဒ္ဓဘာသာဝင်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး လုံခြုံရေးနဲ့ပတ်သက်တဲ့ လိုအပ်သည်များကို အတိုချုံ့မှာကြား၊ သတိပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ၄င်းတွေ့ဆုံမှာကြားပွဲကို ISOC နယ်မြေ(၄) ကွပ်ကဲရေးဗဟိုမှာ ပြုလုပ်ခဲ့ပြီး ယာလ၊ ပတ္တနီ၊ နရသီဝပ်ပြည်နယ်တွေနဲ့ ဆောင်ကလာမြို့နယ် ၄ ခုမှ ဘုန်းကြီး၊ အရပ်သားနဲ့ ရပ်ရွာလုံခြုံရေးတို့ရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
၎င်းတွင် ပွန်ဆက်က နိုင်ငံတောင်ပိုင်းမှာ ခွဲထွက်ရေးသမားများ သူပုန်ထနေသဖြင့် ဗုဒ္ဓဘာသာဝင် များအား နိုးကြားသတိ ရှိစေလိုကြောင်း၊ ဗုဒ္ဓဘာသာဝင် ၂ သန်းအား ကာကွယ်ပေးရေးကို တောင်ပိုင်းတပ်မဟာနဲ့ ISOC တို့က စွမ်းစွမ်းတမံ ကြိုးစားလုပ်ဆောင်နေကြကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်သူများ အေးချမ်းသာယာစွာနေနိုင်ရေးအတွက် နယ်မြေလုံခြုံရေးကို ဖေါ်ဆောင်ရန် လက်အောက်ခံဌာနခွဲတွေကို ညွှန်ကြားထားကြောင်း၊ ဒါ့ပြင် လူငယ်နဲ့ကလေးတွေကို ဖျက်ဆီးမယ့် မူးယစ်ဆေးဝါးကို အရှိန်အဟုန်မြှင့်ကာ ရှာဖွေဖမ်းဆီးမယ်လို့လည်း ကိုယ်စားလှယ် တွေကို ပြောပြခဲ့ပါတယ်။ ကိုးကွယ်ယုံကြည်မှုကွဲပြားသူတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မယ့် လောကီလူမှုအသိုင်းအဝိုင်းတစ်ရပ် ထိုင်းနိုင်ငံတောင်ဖျားမှာ အခိုင်အမာပေါ်လာစေရန် တောင်ပိုင်း တပ်မဟာက အားပေးပံ့ပိုးမယ်လို့ ၄င်းက ပြောကြားခဲ့ပါတယ်။
နယ်မြေလုံခြုံရေးကို တိုးမြှင့်ရာမှာ ကျေးရွာပေါင်း ၁,၉၇၀ တွင် စစ်-ရဲ-အရပ်သား စစ်ဆေးရေးပွိုင့်များဖြင့် ပိုမိုထိရောက်စွာဖေါ်ဆောင်နိုင်ရန် ဒေသန္တရလုံခြုံရေးတပ်များနဲ့ ကျေးရွာသားများကို ပိုမိုအသုံးပြုမယ်လို့ သိရပါတယ်။ ကင်းတာဝန်အတွက်မူ သူပုန်များ တိုက်ခိုက်လာနိုင်တဲ့ လမ်းတွေကို စစ်တပ်က တာဝန်ယူပြီး နေ့ရောညပါ စောင့်ကြပ်ပေးမယ်လို့ ၄င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ZHO (အကုန်သိ သတင်းဌာန)
0 comments:
Post a Comment