Tuesday, March 5, 2019

ပြည်တွင်းငြိမ်းချမ်းရေးရရန် အချိန်ယူရဦးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ် ပြော


မြန်မာနိုင်ငံ၌ ပြည်တွင်းငြိမ်းချမ်းရေးရရန်အချိန်ယူရဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး Lee Sang-hwa က ပြောသည်။ 
ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ NRPC ရုံးတွင် မတ်လ ၅ ရက်က ကျင်းပသော “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အသုံးပြုရန် ကိုရီးယားသမ္မတနိုင်ငံမှ ကား ၁ စီး၊ မီးစက်အလုံး ၂၀ နှင့် တက်ဘလက်အလုံး ၁၁၀ တို့ပေးအပ်ပွဲ” တွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 

“ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့အချိန်တစ်လလောက်မှာ NCA လက်မှတ်ရေးထိုးပွဲကိုတက်ခဲ့ပါတယ်။ အဲဒီမှာတိုင်းရင်းသားအဖွဲ့ ၂ ဖွဲ့လက်မှတ်ထိုးခဲ့တယ်။ အဲဒီအချိန်မှာကျွန်တော်ခံစားမိတဲ့ခံစားချက်အရ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လုပ်ဖို့အတွက်တော်တော်လေးကိုသည်းခံရမယ်။ အချိန်လည်း တော်တော်လေးကိုစောင့်ယူရမယ်ဆိုတာနားလည်ခဲ့ပါတယ်။ ကျွန်တော်တို့ဆိုလည်း ပြီးခဲ့တဲ့ ဗီယက်နမ် ထိပ်သီးအစည်းအဝေးမှာ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လိုချင်သလောက်အခြေအနေ မရခဲ့ပါဘူး။ အဲဒီလိုပဲ မြန်မာနိုင်ငံလည်းသည်းခံပြီးတော့မှ အချိန်ကိုယူပြီး စောင့်ဖို့လိုအပ်တယ်လို့ခံစားမိပါတယ်’’ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး Lee Sang-hwa က ပြောသည်။ 
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာသဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်ပါတီတို့ ထပ်မံလက်မှတ်ရေးထိုးခဲ့သည်။ 
ကျန်ရှိနေသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ KIA၊ AA၊TNLA၊ SSPP ၊MMNDA၊ KNPP စသည့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ဖြစ်သည်။ 

မင်းသီဟန်(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment