Tuesday, March 12, 2019

ဒေါ်လာဈေး အကျပိုင်းရောက်နေသော်လည်း ကမ္ဘာ့ရေနံဈေးဆက်မြင့်လာသောကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း တစ်လအတွင်း တစ်လီတာ ကျပ် ၈၀ အထိ ဆက်လက်မြင့်တက်


Image may contain: one or more people and text
ဒေါ်လာဈေး အကျပိုင်းရောက်နေသော်လည်း ကမ္ဘာ့ရေနံဈေးဆက်လက်မြင့်လာသောကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ဖေဖော်ဝါရီ ၁၂ ရက်ထက် တစ်လီတာ ကျပ် ၈၀ မြင့်တက်လာကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။
မတ် ၁၂ ရက်တွင် ပြည်တွင်းစက်သုံးဆီဆိုင်အများစုတွင် ရောင်းချနေသောဈေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၉၆၅ ကျပ် (တစ်ဂါလန် ၄၃၈၁ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ၉၇၅ ကျပ် (တစ်ဂါလန် ၄၄၂၆ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၇၇၅ ကျပ် (တစ်ဂါလန် ၃၅၁၈ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၈ရဝကျပ် (တစ်ဂါလန် ၃၉၅၀ ကျပ်) ဖြစ်သည်။ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖြစ်ပေါ်သော စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ၈၈၅ ကျပ် (တစ်ဂါလန် ၄၀၁၈ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ၉၇၅ ကျပ် (တစ်ဂါလန် ၄၀၆၃ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၉၅ ကျပ် (တစ်ဂါလန် ၃၁၅၅ ကျပ်) အောက်တိန်း 92 Ron တစ်လီတာ ၇၉၀ ကျပ် (တစ်ဂါလန် ၃၅၈၇ ကျပ်) ဖြစ်ပြီး မတ် ၁၂ ရက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်လီတာ ကျပ် ၈၀ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှစတင်၍ ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရေနံဈေးနှုန်းသည် တဖြည်းဖြည်းဆက်တိုက်မြင့်တက်ခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိကျဆင်းခဲ့ပြီး ဇန်နဝါရီ ၁ ရက်တွင် ၄၅ ဒေါ်လာဝန်းကျင်၊ ဇန်နဝါရီ ၂၁ ရက်တွင် ၅၄ ဒေါ်လာဝန်း ကျင်၊ ဇန်နဝါရီ ၂၉ ရက်တွင် ၅၂ ဒေါ်လာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၅၇ ဒေါ်လာဝန်း ကျင်အထိပြန်တက်ခဲ့ကာ မတ် ၁၂ ရက်တွင် ၅၇ ဒေါ်လာခန့်ရှိနေသည်။

ဒေါ်လာဈေးနှင့် ကမ္ဘာ့ရေနံဈေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင်ဈေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ မြင့်တက်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင်ဈေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့်ဆုံးဈေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၇၀ ကျပ် (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၇၃၀ ကျပ် (တစ်ဂါ လန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ဒေါ်လာဈေးကျဆင်းခဲ့သော်လည်း ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်ခဲ့သောကြောင့် ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ဇန်နဝါရီလအတွင်း တစ်လီတာလျှင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ ဈေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း တစ်လီတာလျှင် ကျပ် ၄၀ အထိ ဈေးနှုန်းများဆက်တက်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 92 Ron တစ်လီတာ ၆၅၀ ကျပ် (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်ဈေးနှုန်းနှိုင်းယှဉ်ပါက လပေါင်း ၃၀ ကျော်အတွင်း ဒီဇယ် ၁၁၉ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၀၅ ရာခိုင်နှုန်း၊ 92 Ron ၉၄ ရာခိုင်နှုန်း၊ 95 Ron ၇၂ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့သည်။ 

Eleven Media Group

0 comments:

Post a Comment