Monday, March 4, 2019

မယားများစွာယူသော အလေ့အထမှာ အမျိုးသမီးတွေအပေါ် မျှတမှုမရှိသည့် ဓလေ့ဟု အီဂျစ် အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦး ပြောဆို


မယားများစွာ ယူကြတဲ့ အလေ့အထဟာ ကိုရန်ကျမ်းကို နားလည်မှုလွဲနေသူတွေရဲ့ အလေ့အထဖြစ်ပြီး အမျိုးသမီးတွေအပေါ် တရားမျှတမှုကင်းမဲ့တဲ့ ဓလေ့တစ်ခုဖြစ်တယ်လို့  အရှိန်အ၀ါကြီး အီဂျစ် အစ္စလာမ်မစ် ဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောဆိုလိုက်ပါတယ်။ ၄င်းရဲ့  ယင်းမှတ်ချက်ကြောင့် အငြင်းပွားပြောဆိုမှုတွေလည်း ပေါ်ထွက်စေခဲ့ပါတယ်။ 
  
အီဂျစ်နိုင်ငံရဲ့  ထင်ရှားတဲ့ Al-Azhar ဗလီနဲ့ တက္ကသိုလ် ခေါင်းဆောင်ဖြစ်ကာ ဆွန်နီအစ္စလာမ်ရဲ့  အမြင့်ဆုံး အာဏာပိုင်ဖြစ်တဲ့ ရှိတ်ခ် အာမက် အယ်တေယက်ဘ် က အပတ်စဉ် ရုပ်သံအစီအစဉ်တစ်ခုနဲ့ တွစ်တာပေါ်မှာ ယင်းကဲ့သို့  ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်းက ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ ဆုံထားခဲ့တဲ့ သြဇာကြီး ဘာသာရေး ဆရာက အဆိုပါဓလေ့ဟာ ကိုရန်ကျမ်းနဲ့  တမန်တော်ရဲ့  အစဉ်အလာအပေါ် နားလည်မှု လွဲရာက ဖြစ်ပေါ်လာတဲ့ ရလဒ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အိမ်ထောင်ပြုခြင်းကို မယားများစွာ ယူရတယ်လို့  ပြောဆိုနေသူတွေဟာ လုံးဝမှားယွင်းပါကြောင်း ၄င်းက တီဗီအစီအစဉ်မှာ ပြောဆိုခဲ့ကာ ဇနီးများစွာ ယူလိုတဲ့ မည်သည့် မွတ်ဆလင် ယောက်ျား မဆိုဟာ တိကျတဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ တရားမျှတမှုအချက်တွေကို နာခံရကြောင်း ယင်းသို့  တရားမျှတမှုမျိုး မရှိဘူးဆိုရင် ဇနီးမယားများစွာယူခြင်းကို တားမြစ်ထားကြောင်း ၄င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။ 
  
“အမျိုးသမီးတွေဟာ လူ့ အဖွဲ့ အစည်းရဲ့ ထက်ဝက်ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ တွေ သူတို့ ကို မစောင့်ရှောက်ဘူးဆိုရင် ကျွန်တော်တို့ ဟာ ခြေတစ်ဖက်တည်း ပေါ်မှာ ရပ်နေသူတွေလို ဖြစ်မှာပါ” လို့  ၄င်းက ပြောဆိုခဲ့ပါတယ်။ တေယက်ဘ်ရဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ အမျိုးမျိုးသော ငြင်းခုံ မှတ်ချက်ပြုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ပညာတတ်အသိုင်းအ၀ိုင်းကတော့ ဘာသာရေးခေါင်းဆောင်ရဲ့ အပြောကို ထောက်ခံခဲ့ကာ ယင်းအလေ့အထကို ပိတ်ပင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ 
  
Al-Azhar ပညာရေးဌာနကလည်း အချို့ သူတွေ ပြောနေကြသလို တေယက်ဘ်ဟာ မယားများစွာယူခြင်းကို ပြစ်ဒဏ်ပေးဖို့  တောင်းဆိုတိုက်တွန်းခဲ့ခြင်းမျိုး မဟုတ်ပါကြောင်း ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။ 
  
ဘာသာရေး ခေါင်းဆောင်ရဲ့  ပြောဆိုချက်တွေကို အမျိုးသမီးများဆိုင်ရာ အီဂျစ် အမျိုးသားရေးကောင်စီကတော့ ကြိုဆိုထောက်ခံခဲ့ပါတယ်။ မွတ်ဆလင် ယဉ်ကျေးမှုဟာ အမျိုးသမီးတွေအပေါ် အလေးထားပါကြောင်း ယင်းမတိုင်မီက မရှိခဲ့ဘူးတဲ့ အခွင့်အရေး များစွာနဲ့ တရားမျှတမှုတွေ ဆောင်ကျဉ်းပေးထားကြောင်း ကောင်စီဥက္ကဋ္ဌ မယာမော်စီက ပြောဆိုခဲ့ကာ တေယက်ဘ်ကို လေးလေးနက်နက် ကျေးဇူးတင်ရှိပါကြောင်း ဆိုခဲ့ပါတယ်။ 

Ref: RT 
ကိုလင်း (အကုန်သိ သတင်းဌာန) 

0 comments:

Post a Comment