အမေရိကန်နှင့် မက္ကဆီကိုနယ်စပ်တွင် အမျိုးသားအဆင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားသည့် သမ္မတ ဒေါ်နယ်ထရမ့်၏ ကြေညာချက်ကို အဆုံးသတ်ရန် ကွန်ဂရက် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် သမ္မတထရမ့်က ပထမဆုံးအကြိမ် ဗီတိုကို သောကြာနေ့က လက်မှတ်ထိုးထုတ်ပြန်ကာ ပယ်ချလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
“ဒီကနေ့ ကွန်ဂရက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကျုပ် ဗီတိုအသုံးပြုပြီးပယ်ချလိုက်ပါတယ်။ ကွန်ဂရက်ကလည်းသူတို့ဆုံးဖြတ်ချက်ကိုအတည်ပြုဖို့ လွတ်လပ်ခွင့်ရှိသလို ကျုပ်မှာလည်း ဗီတိုနဲ့ ပယ်ချဖို့ တာဝန်ရှိပါတယ်”ဟု သမ္မတထရမ့်က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
နယ်စပ်အရေးပေါ် အခြေအနေကြေညာထားခြင်းကိုအဆုံးသတ်ရန် ကွန်ဂရက်က ဆုံးဖြတ်မှုသည် မဆင်မခြင် ပြုလုပ်ခြင်းဖြစ်ပြီး အန္တရာယ်များသည်ဟု ထရမ့်က ပြောကြားသည်။
သမ္မတထရမ့်သည် မက္ကဆီကိုနယ်စပ်တွင် အငြင်းပွားဖွယ် နယ်စပ်တံတိုင်းတည်ဆောက်ရန် ရန်ပုံငွေရရှိရေးအတွက် ကာကွယ်ရေးဘတ်ဂျက်မှ ဒေါ်လာ ၃.၉ ဘီလီယံ ထုတ်ယူသုံးစွဲရန် အရေးပေါ် အခြေအနေကြေညာမှုကို အသုံးပြုဖို့ မျှော်လင့်ထားသည်။ ဇန်နဝါရီလအတွင်းက အဆုံးသတ်ခဲ့သည့် အစိုးရဌာနများ ရပ်ဆိုင်းမှုဖြစ်စဉ်ကို ဖြစ်ပေါ်စေခဲ့သည့် ကွန်ဂရက်နှင့် ဘတ်ဂျက်အငြင်းပွားမှု အပြီးတွင် သမ္မတထရမ့်က ထိုနည်းဗျူဟာကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
သမ္မတထရမ့်၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်ဆီပီလိုဆီ က ထရမ့်၏ ဗီတိုကို ကျော်လွှားရေးနှင့် ပတ်သက်၍ မတ်လ ၂၆ ရက်တွင် မဲခွဲဆုံးဖြတ်ရန် အောက်လွှတ်တော်အမတ်များက စီစဉ်နေသည်ဟု ပြောကြားလိုက်သည်။
ရီပတ်ဘလစ်ကန်အမတ် ၁၂ ဦးသည် ကြာသပတေးနေ့က သမ္မတထရမ့်၏ အရေးပေါ် အခြေအနေကြေညာချက်ကို အဆုံးသတ်ရန် ဆုံးဖြတ်မှုတွင် ဒီမိုကရက်အမတ်များနှင့်အတူ ထောက်ခံမဲပေးခဲ့ကြသည်။
သမ္မတ၏ ဗီတိုအာဏာကိုကျော်လွှားရန် အောက်လွှတ်တော်တွင် ထောက်ခံမဲ သုံးပုံနှစ်ပုံ လိုအပ်သည်ဟု သိရှိရသည်။ သမ္မတထရမ့်ကို ထိုးနှက်ရန် ရီပတ်ဘလစ်ကန် အမတ်များ၏ ဘက်ပြောင်းထောက်ခံမှုအချို့ ရှိခဲ့သော်လည်း ဗီတိုကို ပိတ်ဆို့ရန် အများစု ထောက်ခံမှုရရှိရေးမှာမူ ဖြစ်နိုင်ဖွယ်မရှိပေ။
ထရမ့်အစိုးရက တရားမဝင် လူဝင်မှုများနှင့် မူးယစ်ဆေး ကုန်ကူးမှုများကို ထိန်းချုပ်ရန်အတွက် မက္ကဆီကိုနယ်စပ်တွင် တံတိုင်းတည်ဆောက်ရန် လိုအပ်သည်ဟု စောဒက တက်ထားသည်။ အဆိုပါတံတိုင်းသည် သမ္မတထရမ့်၏ အဓိကမဲဆွယ်ကတိများထဲမှ တစ်ခုဖြစ်သည်။
ဖက်ဒရယ် အထက်ခုံရုံးတွင် ထရမ့်ခန့်အပ်ထား သောတရားသူကြီးနှစ်ဦးပါဝင်နေသော်လည်း ထရမ့်၏ နယ်စပ်အရေးပေါ် အခြေအနေကြေညာမှုသည် ခုံရုံးတွင် ဥပဒေပိုင်း စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရဆဲဖြစ်သည်။
The Voice







0 comments:
Post a Comment