Saturday, March 16, 2019

အီးယူ၊ ကနေဒါနှင့် အမေရိကန်တို့က ရုရှားအပေါ် အရေးယူပိတ်ဆို့မှုအသစ် ချမှတ်


၂၀၁၈ နိုဝင်ဘာလက ကာ့ခ်ျရေလက်ကြားတွင် ဖြစ်ပွားခဲ့သော ရေကြောင်းသွားလာမှုဆိုင်ရာ ပြဿနာများတွင် ပါဝင်ပတ်သက်မှုကြောင့် ရုရှားနိုင်ငံအပေါ် အီးယူ၊ ကနေဒါနှင့် အမေရိကန်တို့က အရေးယူ ပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။ 
ကာ့ခ်ျရေလက်ကြား၊ ယူကရိန်းသင်္ဘောသားများအား ဖမ်းဆီးမှုနှင့် ခရိုင်းမီးယားကျွန်းဆွယ် ကျူးကျော်မှုများတွင် ရုရှား၏ လုပ်ရပ်များကို တုံ့ပြန်သည့်အနေနှင့် ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများကို ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုအသစ်များကို အီးယူ၊ ကနေဒါနှင့် အမေရိကန်တို့က ချမှတ်လိုက်ခြင်းဖြစ်သည်။ 

ရုရှားတို့ ကျူးကျော်သိမ်းပိုက်ထားသော ခရိုင်းမီးယားကျွန်းဆွယ် ကမ်းလွန်ရှိ အငြင်းပွားရေပြင်တွင် ယူကရိန်းသင်္ဘောသုံးစင်းအား ဖမ်းဆီးမှုအတွက် တာဝန်ရှိသော ရုရှားစစ်ဘက်နှင့် ရဲဘက် အကြီးတန်း အရာရှိရှစ်ဦးကို အီးယူက ပစ်မှတ်ထားကာ အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ကာ့ခ်ျရေလက်ကြားတွင် ရုရှားတို့က ယူကရိန်းသင်္ဘော သုံးစင်းကို ပစ်ခတ်ဖမ်းဆီးကာ ယူကရိန်းသင်္ဘောသား ၂၄ ဦးကို ထိန်းသိမ်းခဲ့သည်။ သင်္ဘောသားများမှာ ယခုအထိ ရုရှားအချုပ်ထဲတွင် ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။ 

ကနေဒါနိုင်ငံက အရေးယူပိတ်ဆို့သောစာရင်းတွင် ရုရှားကုမ္ပဏီ ၁၅ ခုနှင့် လူပုဂ္ဂိုလ် ၁၁၄ ဦးပါဝင်သည်။ နိုင်ငံခြားရေးဝန်ကြီးခရစ်ရှာဖရီးလန်းက ထုတ်ပြန်သောကြေညာချက်တွင် “ကနေဒါနှင့် မဟာမိတ် နိုင်ငံများသည် ယူကရိန်းနိုင်ငံ၏ အချုပ်အခြာပိုင်နက်နှင့် ပတ်သက်၍ ထောက်ခံမှုကိုပြသရာတွင် တွေဝေခြင်းမရှိပါ။ ကာ့ခ်ျရေလက်ကြားနှင့် ခရိုင်းမီးယားကျွန်းဆွယ်တွင် ရုရှားတို့၏ တရားမဝင်ကျူးကျော်မှုသည် တံခါးမရှိ၊ ဓားမရှိ ဆက်သွားနိုင်လိမ့်မည် မဟုတ်ပါ”ဟု ဖော်ပြထားသည်။ 

ဝါရှင်တန်က ထုတ်ပြန်သောကြေညာချက်တွင် အမေရိကန်သည် ရုရှား၏ FSB လုံခြုံရေးဌာနမှ အကြီးတန်းအရာရှိလေးဦးနှင့် ခရိုင်းမီးယား ကျွန်းဆွယ်တွင် လှုပ်ရှားနေသော ကာကွယ်ရေးကုမ္ပဏီခြောက်ခုကို အရေးယူပိတ်ဆို့မည်ဖြစ်ကြောင်းနှင့် ၎င်းတို့သည် ခရိုင်းမီးယားကျွန်းဆွယ် ကျူးကျော်မှုအတွင်း ရုရှားစစ်ဘက်ကို ဝန်ဆောင်မှုပေးရန် ယူကရိန်းနိုင်ငံပိုင် ပစ္စည်းများကို မလျော်မကန်အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ 

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဖင်မန်ချင်က အမေရိကန်နှင့် အတ္တလန်တိတ် မဟာမိတ်များသည် ရုရှား၏ ခရိုင်းမီးယားကျွန်းဆွယ် ကျူးကျော်မှုကို တံခါးမရှိ၊ ဓားမရှိ ဆက်လုပ်ခွင့် ပြုမည်မဟုတ်ကြောင်း၊ ဘောင်မဝင်သော ခွဲထွက်မှုရွေးကောက်ပွဲများကို ထောက်ခံသည့် ယူကရိန်း ခွဲထွက်ရေးလှုပ်ရှားသူနှစ်ဦးကိုလည်း အမေရိကန်က အရေးယူပိတ်ဆို့မှုများ ချမှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားသည်။ 

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရောဘတ် ပလာဒီနိုကလည်း “ဖမ်းဆီးထားတဲ့ ယူကရိန်းသင်္ဘောတွေနဲ့ သင်္ဘောသားတွေကို အမြန်ဆုံးပြန်လွှဲပေးဖို့ ရုရှားကို တောင်းဆိုပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု နယ်စပ်စည်းတွေ၊ ရေပြင်တွေအပါအဝင် ယူကရိန်းရဲ့ အချုပ်အခြာပိုင်နက်ကို လေးစားဖို့အတွက်လည်း ရုရှားကို တိုက်တွန်းပါတယ်”ဟု ပြောကြားသည်။

The Voice

0 comments:

Post a Comment