မန္တလေးမြို့တော်ကို စမတ်စီးတီးအဖြစ်လုပ်ဆောင်နေစဉ် ကာလအတွင်း မြို့တွင်းနှစ်ခြမ်းကွဲနေသည့် အဓိကလမ်းမကြီးများကိုဆောင်ရွက်ရာတွင် မြန်မာ့မီးရထားနှင့်ပူးတွဲလုပ်ဆောင်နေသော်လည်း ပြည်ထောင်စုအဆင့်အကြောင်းပြန်ကြားမှုနှောင့်နှေးမှုကြောင့် လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ကြန့်ကြာမှုများဖြစ်ပေါ်နေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
"မန္တလေးကို စမတ်စီးတီးဖြစ်ပေါ်လာဖို့ဆို လုပ်ငန်းများစွာဆောင်ရွက်ရတယ်။ အဲဒီထဲမှာ လမ်းခင်းတဲ့အပိုင်းလဲပါတယ်။ မန္တလေးမြို့ဟာလက်ရှိဖြစ်ပေါ်နေတာက မန္တလေးဘူတာကြောင့် နှစ်ခြမ်းကွဲနေတယ်။ ဒါကိုချိတ်မိအောင်လို့ မြန်မာ့မီးရထားနဲ့ ညှိနှိုင်းဆောင်ရွက်ပေမယ့်လည်း သူတို့ဘက်က အထက်ကိုတင်ပြထားတယ်ပဲပြောနေတယ်။ ဒါကြောင့် စမတ်စီးတီးဖြစ်အောင်လုပ်ဆောင်နေတဲ့အပိုင်းမှာ ကြန့်ကြာမှုတွေဖြစ်ပေါ်နေတယ်။"ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် Chief Smart City Officer ဦးရဲမြတ်သူက ပြောကြားခဲ့သည်။
၂၀၁၈ခုနှစ်၊ အောက်တိုဘာ(၁၉)ရက်က အရှေ့တောင်အာရှနိုင်ငံ၏ Smart Cityဖြစ်လာဖို့ အလားအလာအကောင်းဆုံးထိပ်တန်း(၁၀)မြို့တွင် ဆန်ကာတင်ရွေးချယ်ခဲ့ရာ မန္တလေးမြို့သည် အဆင့်(၅)တွင် ရပ်တည်ခဲ့ပြီး စမတ်စီးတီး၏အခြေခံရည်မှန်းချက်မှာ ပြည်သူများ၏ နေထိုင်မှုဘဝမြင်းမားလာမှု၊ စီးပွားရေးလုပ်ငန်းများတိုးတက်လာမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မှုများဖြစ်ကာ ယင်းအချက်များဆောင်ရွက်ရာတွင် နည်းပညာအကူအညီဖြင့်လုပ်ဆောင်ခြင်းဖြစ်သည်။
"မြို့တွင်းထဲမှာ ဘူတာရုံရှိနေတဲ့အတွက် ယာဉ်တွေသွားလာမှုအပိုင်းမှာ ရထားသံလမ်းကိုဖြတ်ရတယ်။ ဖြတ်တဲ့အခါ လမ်းမညီတော့ လှိုင်းဖြစ်နေတယ်။ ရထားသံလမ်းတစ်လျှောက်ဖြစ်တဲ့ ၃၆လမ်းကနေ ၄၁လမ်းအထိပဲ ဒါကိုကျွန်တော်တို့အနေနဲ့လုပ်ပေးချင်ပေမယ့် မြန်မာ့မီးရထားနဲ့သာ သက်ဆိုင်တဲ့အတွက် လုပ်လို့မရဘူးဖြစ်နေတယ်။ သူတို့သာခွင့်ပြုမယ်ဆိုရင် ကျွန်တော်တို့က လုပ်ပေးသွားမယ်။ နောက်တစ်ခုက ၂၇လမ်းကိုလမ်းဖောက်ဖို့ပါ။ ဒါလည်းပဲ ခွင့်ပြုခြင်းမရှိသေးဘူး။"ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် လက်ရှိတွင် မန္တလေးမြို့သန့်ရှင်းသာယာရေး၊ လမ်းတံတားများ ကောင်းမွန်ရေး၊ လမ်းများမီးလင်းရေး၊ သစ်ပင်ပန်းမန်များစိမ်းလန်းလှပရေးတို့ကို နည်းပညာကိုအသုံးပြု ပြီးဝန်ဆောင်မှုအဖြစ် ပေးလျက်ရှိပြီး စမတ်စီးတီး အလားအလာကောင်းသောမြို့အဖြစ် အသိအမှတ်ပြုခံရပြီးနောက်ပိုင်း မြို့တော်သူမြို့တော်သားများအတွက် သန့်စင်သော သောက်သုံးရေလုံလောက်ရေး၊ ရေဆိုးများ စနစ်တကျစွန့်ပစ်နိုင်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ ကောင်းမွန်၍ ပြည်သူလူထုဘေးအန္တရာယ်ကင်းရေး၊ အများပြည် သူသုံးယာဉ် ( ဘတ်စ်ကား၊ တက္ကစီ၊ ရထား)များ ချောမွေ့လွယ်ကူရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Isee Media











0 comments:
Post a Comment