
ရွှေမြစန္ဒီ ကျုးကျော်အိမ်ရာကိစ္စတွင် ပါဝင်ပတ်သက်သည့် မစိုးရဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အရပ်သား ပါဝင်ပတ်သက်သူများ အား ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စုံစမ်းစစ်ဆေးနေပြီး ဝန်ထမ်းများ နေရာအပြောင်းအရွှေ့ မလုပ်ပေးရန် ပြည်နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်မှ သတိပေးမှာကြားထားကြောင်း သိရသည်။
မြစန္ဒီကျူးကျော်အိမ်ရာ ဖော်ဆောင်ရောင်းချမှုအား ဦးဆောင်သူ DKBA ဗိုလ်ကြီး စောညီညီဆိုသူအား ဖမ်းဆီးထားပြီး စစ်ဆေး ချက်များအရ အဂတိဆိုင်ရာ ပတ်သက်ဆက်နွယ်သူ အစိုးရဝန်ထမ်းများအား စစ်ဆေးအရေးယူနိုင်ရန် ပြည်နယ်အဆင့် စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
မြဝတီမြို့ မြေစာရင်းဌာနမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ရွှေမြစန္ဒီအိမ်ရာ သန်းခေါင်စာရင်းအတုများ ပြု လုပ်ပေးထားသည်ဆိုသည့် သတင်းများထွက်ပေါ်နေသည့်အတွက် အရပ်သားများ၊ အစိုးရဝန်ထမ်းနှင့် အပစ်ရပ် လက်နက်ကိုင် အဖွဲ့ တာဝန်ရှိသူများအား စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
" အခု မြဝတီ မြို့က ဌာနဆိုင်ရာတွေကို စုံစမ်းစစ်ဆေးတာတွေ စလုပ်နေပြီ ။ လုံ/နယ် ဝန်ကြီးကနေ လမ်းညွန်ထားတာရှိတယ်။ ရွှေမြစန္ဒီ ကျူးကျော်အိမ်ရာ မှာ အစိုးရက တရားဝင်လုပ်ပေးတဲ့ သန်းခေါင်စာရင်းပုံစံမျိုး ကျူးကျော် နေထိုင်သူတွေကို ထုတ်ပေး နေတာရှိတယ်။ အရပ်သား ကွန်ပျူတာ စာစီစာရိုက်လုပ်သူတွေ၊ တာဝန်ခံ လက်မှတ်ထိုး သန်းခေါင်စာရင်းဆိုပြီး ထုတ်ပေးသူ တွေကို စစ်ဆေး ဖော်ထုတ် တရားဆွဲဆို အရေးယူနိုင်အောင် လုပ်ဆောင်နေတယ်” ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိ သူ တစ်ဦးက ပြောသည်။
လက်ရှိ ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့များမှ သွားရောက် စစ်ဆေးနေသည့် ကာလအတွင်း နေရာအပြောင်းအရွှေ့ မလုပ်ရန် ပြည်နယ်ဝန်ကြီးချုပ်မှ သတိပေးထားပြီး စုံစမ်းစစ်ဆေးချက်များအပေါ် ထုတ်ပြန် ကြေညာ သွားမည်ဟုလည်း သိရသည်။
၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းက ပြည်နယ်အစိုးရ ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ နယ်လုံဝန်ကြီးနှင့် အစိုးရအဖွဲ့များ မြဝတီမြို့ သို့ သွားရောက်ကာ မြေယာရှင်းလင်းရေး ကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၁ ရက်မှ စတင်ကာ အိမ်ကွက် ပေါင်း ၃၂၀၉ အိမ် ကွက်မှ လူနေထိုင်ခြင်းမရှိသည့် မြေကွက် ၇၅၇ ကွက်ကို ဖျက်သိမ်းရှင်းလင်းခဲ့ကြောင်း သိရသည်။
လူနေထိုင်နေသည့် အိမ်ရာ ၁၀၀၇ လုံး အား တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြီးစီးပါက ဆက်လက်ဖယ်ရှား ရှင်းလင်းသွားမည်ဖြစ် ပြီး အမှန်တစ်ကယ် နစ်နာသူများကို စိစစ်ကာ ပြည်နယ်အစိုးရမှ လိုအပ်သလို စီမံခွဲ၍ မြေယာအစားထိုး စီမံဆောင်ရွက်ပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စောဘောသိုလ်(အကုန်သိသတင်းဌာန)






0 comments:
Post a Comment