
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လုပ်ကိုင်ခွင့်ရရှိထားသည့် Asia Starmer Transport Intelligence ကုမ္ပဏီလီမိတက်တို့ အကြား Master Agreement ကို မတ်လ ၁၂ ရက်တွင် ရေးထိုးခဲ့ပြီး ၆ လအကျော်မှသာ ကတ်စနစ်ကို စတင်အသုံးပြုနိုင် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
အဆိုပါ ကတ်စနစ်ကို လက်မှတ်ရေးထိုးပြီး ၆ လ အကျော်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး ကနဦးတွင် မြို့တွင်းယာဉ်လိုင်း ၃ လိုင်းတွင် စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီနေ့ကတော့ လက်မှတ်ရေးထိုးတာပါ။ စာချုပ်ပါအတိုင်းဆိုရင် လက်မှတ်ရေးထိုးပြီး ခြောက်လအတွင်း အကောင်အထည် ဖော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စက်ပစ္စည်းက မှာထားတုန်းဆိုတော့ သူတို့ရောက်မယ့်အချိန်နဲ့ တပ်ဆင်မယ့်အချိန် တွက်ကြည့်လိုက်တော့ ခြောက်လ ကျော်သွားတာဖြစ်ပါတယ်။ လက်ရှိမှာ နည်းပညာပိုင်းကအစ အကုန်ဆောင်ရွက်နေတယ်။ ဘတ်စ်ကားတစ်ခုတည်းတင်မဟုတ်ဘူး။ ရထား၊ ကား၊ သင်္ဘော အစရှိတဲ့ နေရာတွေမှာပါ အသုံးပြုနိုင်အောင် ဆောင်ရွက်နေ တယ်။ ဦးစားပေးအနေနဲ့ ကတ်စနစ်ကို အမြန်ဆုံးစတင်နိုင်အောင် ဆောင်ရွက်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တစ်နှစ်ကျော်ကြာပါက လူတိုင်း အသုံးပြုနိုင်မည့် ကတ်စနစ်ဖြစ်လာမည်ဖြစ်ပြီး YPS ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေမှုကို ၆ လ အတွင်း ယာဉ်အစီးရေ (၂၀၀၀)၊ ၉ လအတွင်း ယာဉ်အစီးရေ (၉၀၀၀) တပ်ဆင်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
“YPS ကတ်စနစ်ကို အသုံးပြုနိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။ လက်ရှိမှာက OK ဒေါ်လာတို့ Anypay တို့လည်း ရှိပါတယ်။ ဒါ ပေမဲ့ ပွင့်လင်းမြင်သာမှုရှိအောင်၊ ရေရှည်မှာ ကတ်တိုင်း ဘတ်စ်ကားစီးနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကတ်စနစ်ကို လုပ် ဆောင်ခြင်းဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးသားနိုင်ငံတွေဟာ နောက်ဆုံးအဆင့်ကို မတက်ရောက်နိုင်ပါဘူး။ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှု နောက် ကျတဲ့အတွက် နည်းပညာနောက်ဆုံးအဆင့် တက်လှမ်းဖို့အတွက် Opening လုပ်ဖို့ပြင်နေတာပါ။ ၆ လတန်သည် ၉ လ တန် သည် ကြာဦးမယ်။ တစ်နှစ်ကျော်လောက်မှ လူတိုင်းသုံးနိုင်တဲ့ ကတ်စနစ်မျိုးဖြစ်လာမှာပါ”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက YBS နှစ်နှစ်ပြည့်အခမ်းအနားတွင် ပြောကြားထားသည်။
စုသက်နှင်း(အကုန်သိ သတင်းဌာန)






0 comments:
Post a Comment