Thursday, March 14, 2019

မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃) လမ်းမကြီးအား ခြောက်လမ်းသွား အဖြစ်တိုးချဲ့နိုင်ရန် စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိ


အနာဂတ်တွင် အမှတ်(၃)လမ်းမကြီး ပေါ်တွင် သွားလာသည့် ယာဉ်အစီးရေသည် များပြားလာမည်ဖြစ်သည့်အတွက် ယခုကတည်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မက်(စ်) ဟိုင်းဝေးကုမ္ပဏီလီမိတက်နှင့် ခြောက်လမ်းသွားလမ်း တိုးချဲ့နိုင်ရန်အတွက် စီမံချက်များရေးဆွဲလျက်ရှိကြောင်း ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးကျော်လင်းက မတ်လ ၁၄ ရက်တွင်ပြောသည်။ 
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မင်္ဂလာဒုံ မဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်းက မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃) လမ်းမကြီး အား အသုံးပြုသော ယာဉ်စီးရေသည် တစ်နေ့ထက်တစ်နေ့ တိုးတက်များပြားလာသည့်အတွက် ယခုလက်ရှိ (၄) လမ်းသွား လမ်းမကြီးမှ (၆) လမ်းသွားလမ်းမကြီးအဖြစ် အဆင့်မြှင့်တင်၍ တိုးချဲ့ ဖောက်လုပ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။ 
စီမံချက်ရေးဆွဲရာတွင် ပထမဆုံးအနေဖြင့် လမ်းနယ်နှင့် မလွတ်ကင်းသည့် ဓာတ်မီးတိုင်များ၊ ဆက်သွယ်ရေးတိုင်များ၊ ပိုက်လိုင်းများ၊ ကျူးကျော်နေအိမ်များ၊ ဈေးဆိုင်ခန်းများနှင့် ကြော်ငြာဆိုင်းဘုတ်များ စသည်တို့ကို ဖယ်ရှားရှင်းလင်းရန် လိုလာကြောင်း၊ 
လမ်းနယ်နှင့်မလွတ်ကင်းသည့်နေရာများကို ဖယ်ရှား ရှင်းလင်းနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး အဆိုပါလမ်းအား ကွင်းဆင်းစစ်ဆေးပြီး စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်သည်။ 
စာရင်းကောက်ယူချက်အရ လမ်းနယ်နှင့် မလွတ်ကင်းသည့် ဓာတ်မီးတိုင်များ၊ ဆက်သွယ်ရေး တိုင်များ၊ ပိုက်လိုင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများက ဖယ်ရှား ရွှေ့ပြောင်းပေးရမည်ဖြစ်ပြီး ကျူးကျော်ဆိုင်ခန်းများ၊ ကျူးကျော်ဈေးသည်များနှင့် ကျူးကျော်နေအိမ် များကို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ရှင်းလင်းဖယ်ရှားပေးရမည် ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများဆောင်ရွက်ပြီးသည့်အချိန်တွင် လမ်းချဲ့ခြင်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် သက်ဆိုင်ရာ B.O.T ကုမ္ပဏီမှ စီမံချက်ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

photo credit 
The Ladies News

0 comments:

Post a Comment