Monday, March 4, 2019

အင်ဒိုနီးရှားနိုင်ငံတွင် ဟိုတယ်မှာ မိခဲ့တဲ့ စုံတွဲ ၆ တွဲကို ကြိမ်ဒဏ်ပေး


အင်ဒိုနီးရှားနိုင်ငံ အေဇက်ပြည်နယ်တွင် ဟိုတယ်မှာမိခဲ့တဲ့ စုံတွဲ ၆ တွဲကို မတ်လ ၄ ရက်နေ့မှာ လူပုံအလယ် ကြိမ်ဒဏ်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ အေဇက်ဟာ မွတ်စလင်ဦးရေ အများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကြိမ်ဒဏ်စနစ်ကျင့်သုံးတဲ့ တစ်ခုတည်းသောပြည်နယ်ဖြစ်ပါတယ်။ ၄င်းမှာ လောင်းကစား၊ အရက်သောက်၊ လိင်တူစက်ယှက်၊ လက်မထပ်ပဲ အတူနေတာတွေကို ကြိမ်ဒဏ်ဖြင့် အပြစ်ပေးပါတယ်။ ယခု ကြိမ်ဒဏ်ထိ ၁၂ ဦးကို ၂၀၁၈ နှစ်ကုန်တွင် ဟိုတယ်တစ်ခုမှာ ဖမ်းမိခဲ့ကြပါတယ်။ ၄င်းတို့ကို ကြိမ်ဒဏ်မပေးခင်မှာ လအနည်းငယ်ကြာ ထောင်ချခဲ့ပါတယ်။ 
၎င်းတို့အနက် အခန်းတွင်းအတူရှိနေသည့် အနေအထားဖြင့် အဖမ်းခံရတဲ့ ၂ တွဲကို တစ်ဦးလျှင် ကြိမ်ဒဏ် ၇ ချက်စီ ပေးခဲ့ပါတယ်။ ပက်ပင်းမိခဲ့တဲ့ ကျန် ၈ ဦးကိုတော့ ၁၇ ချက်မှ ၂၅ ချက်ကြား ပေးခဲ့တယ်လို့ သိရပါတယ်။ 

လူ့အခွင့်အရေးအဖွဲ့တွေက အေဇက်ပြည်နယ်ရဲ့ကြိမ်ဒဏ်ဟာ ရက်စက်တယ်လို့ ဝေဖန်နေကြပြီး သမ္မတ ဝီဒိုဒို ကိုယ်တိုင်ကလည်း ၄င်းကို ဖျက်သိမ်းစေလိုပါတယ်။ ဒါပေမဲ့ ပြည်နယ်သားအများစု ကတော့ ကြိမ်ဒဏ်စနစ်ကို ထောက်ခံကြပါတယ်။ အေဇက်မှာ လူဦးရေ ၅ သန်းရှိပြီး ၉၈ ရာခိုင်နှုန်းက မွတ်စလင်တွေ ဖြစ်ကြပါတယ်။ ထိုပြည်နယ်မှာ သူပုန်ထ၊ ခွဲထွက်မယ့်အရေး ပေါ်ခဲ့ဖူးပြီး ၄င်းကို ထိန်းချုပ်ရန်အတွက် အစိုးရက ၂၀၀၁ ခုနှစ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ပါတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရအပြီးမှာတော့ ထိုသို့သော ဓမ္မသတ်တွေကို ကျင့်သုံးလာခဲ့ကြပါတယ်။ 

ZHO (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment