ဈေးကွက်အခြေအနေအရ ငွေကြေး ဆုံးရှုံးများရှိလာနိုင်မည့် ကျပ်ငါးရာတန် ထီလက်မှတ်များကို ဆက်လက်မရောင်းချလိုတော့ကြောင်း ထီအရောင်းကိုယ်စားလှယ်များထံမှ သိရသည်။
လက်ရှိအချိန်တွင် ထီဈေးကွက်အတွင်း၌ ကျပ်တစ်ထောင်တန်ထီများကိုသာ အများပြည်သူ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပြီး ကျပ်ငါးရာတန်ထီတစ်စောင်လျှင် ကျပ် ၃၀၀ သို့ ဈေးလျှော့ရောင်းချသည့်အထိတိုင်အောင် ဝယ်ယူမည့်သူမရှိကြောင်း ထီအရောင်းကိုယ်စားလှယ်များထံမှ သိရသည်။
“အခုက ငါးရာတန်ထီက တစ်ထောင်တန်ထိုးရင် အပိုပေးနေရတဲ့ အဆင့်ပဲရှိတယ်။ ဘယ်သူမှ ထိုးမယ့်သူမရှိဘူး” ဟု မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျပ်ငါးရာတန်ထီလက်မှတ်ကို အစိုးရထံမှဝယ်ယူပြီး ပြန်လည်ရောင်းချပါက ထီတစ်အုပ်ကို ကျပ် ၁၇၀၀ အထိ ဆုံးရှုံးနိုင်သောကြောင့် အစိုးရထံတွင် ထီဝယ်ယူရန်အတွက် ကြိုတင်ပေးထားရသော စပေါ်ငွေများကို အဆုံးရှုံးခံပြီး ကျပ် ငါးရာတန်ထီများကို ထီအရောင်းကိုယ်စားလှယ်အများစုက ဝယ်ယူမှုမရှိကြကြောင်း ထီအရောင်းကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။
“ဝယ်လိုအားမရှိတော့လို့ သူတို့ စပေါ်ငွေကို အဆုံးရှုံးခံပြီး ကျပ်ငါးရာတန်ထီကို မရောင်းတော့ဘူး။ တစ်ထောင်တန်ထီပဲ ဝယ်ပြီးရောင်းမယ်ဆိုလည်း လုပ်လို့ရပါတယ်”ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
လက်ရှိအချိန်တွင် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ပြုလုပ်ထားသော ဈေးကွက် သုတေသနများအရလည်း ကျပ်တစ်ထောင်တန်ထီကို အများပြည်သူက ပိုမိုစိတ်ဝင်စားလျက်ရှိသည်ကိုတွေ့ရှိရပြီး ဈေးကွက်အခြေအနေသည်လည်း လာမည့် တစ်လမှ နှစ်လခန့်တွင် ပုံမှန်ပြန်ဖြစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အစိုးရအနေနှင့် ကျပ်တစ်ထောင်တန်ကို နိုင်ငံတော်အတွက် အခွန်ပိုမိုရရှိစေရန်နှင့် ထီဈေးတင်ရောင်းချမှု လျှော့ချနိုင်ရန်အတွက် ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပြီး ကျပ်ငါးရာတန်ထီကိုလည်း မေလတွင် ရောင်းချမှုရပ်ဆိုင်းမည်ဖြစ်သည်။
ဖေဖော်ဝါရီလတွင် ထီနှစ်မျိုးကို အပြိုင်ထုတ်ရောင်းချခဲ့ခြင်းကြောင့် ဝယ်လိုအားထက် ရောင်းလိုအားက နှစ်ဆကျော် ပိုမိုများပြားခဲ့သဖြင့် ထီအရောင်းဆိုင်ကြီးများအနေနှင့် တရားဝင်ဈေးထက် လျှော့ချကာ အရှုံးခံရောင်းချခဲ့ကြသည်။
The Voice







0 comments:
Post a Comment