Saturday, March 16, 2019

အလှူခံမဏ္ဍပ်တွင် သောင်းကျန်းနေသည့် အဖွဲ့ကို သွားရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရ

တွံတေးမြို့နယ်၊ အိုးဖိုအရှေ့ရပ်ကွက်၊ သာယာကုန်းလမ်းနှင့် အောင်သိဒ္ဓိလမ်းဆုံရှိ အလှူခံမဏ္ဍပ်တွင် လာရောက်သောင်းကျန်းနေသည့်အဖွဲ့ကို သွားရောက်ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သည့်အဖွဲ့မှ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
ဖမ်းမိသူ နှစ်ဦးမှာ အသက် ၂၁ နှစ် ဆန်းလင်းအောင်နှင့် အသက် ၃၁ နှစ် သံလုံး (ခ) သူရတို့ဖြစ်ပြီး ၎င်းတို့အဖွဲ့မှာ တွံတေးမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၃၂၄/ ၁၁၄ အမှုမှ လွတ်မြောက်နေသူများဖြစ်ကာ မတ်လ ၁၅ ရက် ည ၁၀ နာရီခွဲက အိုးဖိုအရှေ့ရပ်ကွက်၊ သာယာကုန်လမ်းနှင့် အောင်သိဒ္ဓိလမ်းဆုံရှိ အလှူခံ မဏ္ဍပ်သို့ လာရောက်သောင်းကျန်းနေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့မှ နှစ်ဖွဲ့ခွဲ၍ညှပ်ပြီး ဝိုင်းဝန်းပိတ်ဆို့ ဖမ်ဆီးခဲ့သည်။ 

ယင်းသို့ ဖမ်းဆီးစဉ် ဆန်းလင်းအောင် အပါအဝင် ခုနှစ်ဦးက ဓား၊ လေးခွများ ကိုင်ဆောင်ထားပြီး ရဲတပ်ဖွဲ့က လက်နက်ချရန် ပြောကြားစဉ် ၎င်းတို့က လေးခွနှင့်ပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် သက်သေအဖြစ် လိုက်ပါလာသော အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ရဲတပ်သားနှစ်ဦးမှလည်း ၁၂ ဗို့ ပြောင်းချော သေနတ်နှစ်လက်ဖြင့် ပြန်လည်ပစ်ခတ်သောကြောင့် ဆန်းလင်းအောင်တို့အဖွဲ့မှ လမ်းအနောက်ဘက်ရှိ ခြုံတော အမှောင်ထဲဝင်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ 

ထွက်ပြေးတိမ်းရှောင်သွားသူများထဲမှ ဆန်းလင်းအောင်ကို သာယာကုန်းလမ်းရှိ ၎င်း၏အိမ်အနီးတွင် ဒုတပ်ကြပ်တစ်ဦးကတွေ့ရှိသဖြင့် လုံးထွေးဖမ်းဆီးခဲ့ချိန် ဆန်းလင်းအောင်က အုတ်ခဲဖြင့် ထုခဲ့သောကြောင့် ဒုတပ်ကြပ်၏ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာရရှိခဲ့သော်လည်း ပြစ်မှုကျူးလွန်သူက ဓားမြှောင်တစ်ချောင်းနှင့် ဖမ်းဆီးရမိခဲ့သည်။ 

ယင်းနောက် အိုးဖိုအရှေ့ရပ်ကွက်၊ မြလမ်းပေါ်တွင် မတ်လ ၁၆ ရက် နံနက် ၁ နာရီခန့်က ဆန်းလင်းအောင်တို့အဖွဲ့တွင် ပါဝင်သူ အသက် ၃၁ နှစ် သံလုံး (ခ) သူရကို ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး ယင်းအမျိုးသားတွင် ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်စဉ်ကထိမှန်ခဲ့သဖြင့် ဒဏ်ရာများ ရရှိခဲ့သောကြောင့် တွံတေးဆေးရုံတွင် ဆေးကုသမှု ခံယူစေခဲ့ပြီးနောက် တွံတေးမြို့မ ရဲစခန်းရှိ အချုပ်ခန်းတွင် ထိန်းသိမ်းထားကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။ 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းမိသူနှစ်ဦးနှင့် လွတ်မြောက်နေသည့် အမည်မသိ အမျိုးသားငါးဦးတို့ကို တွံတေးမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၃ / ၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး ကျန်တရားခံများကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment