Saturday, March 16, 2019

မြေယာလျော်ကြေးရလို၍ ဝမ်ပေါင်ကုမ္ပဏီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထံ စာပို့


စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရာတွင် မြေယာသိမ်းဆည်းခံရသည့် ဒေသခံတောင်သူများက လျော်ကြေးရရှိလိုသည်နှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းပေးရန် မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရုံးနှင့် ဝမ်ပေါင်ကုမ္ပဏီထံ စာပေးပို့ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 
ကြေးနီစီမံကိန်း လုပ်ဆောင်ရန် ကျေးရွာ ၂၆ ရွာ၏ လယ်ယာမြေ ၇၀၀၀ ကျော် သိမ်းယူလျော်ကြေးပေးရာတွင် မြေယာလျော်ကြေး မယူရသေးသည့် တောင်သူ ၅၀၀ ကျော် ရှိနေသေးသဖြင့် မြေယာလျော်ကြေးအား ကာလပေါက်ဈေးအတိုင်းပေးရန် ဝမ်ပေါင်ကုမ္ပဏီတာဝန်ရှိသူထံ တောင်သူ ၇ ဦးက မတ်လ ၁၆ ရက်နေ့တွင် စာပေးပို့ခဲ့ကြောင်း ဆည်တည်းရွာမှ တောင်သူဒေါ်ရီဝင်းက ပြောကြားသည်။ 

“ဝမ်ပေါင်နဲ့ တွေ့ဆုံဆွေးနွေးမှု မရှိခဲ့တာ သုံးနှစ်ရှိပြီ။ နောက်ဆုံးတွေ့တုန်းက ဝမ်ပေါင်အကြီးအကဲ မစ္စတာလီဆုံက သီးနှံပျက်တာ နစ်နာတာတွေ အစိုးရကပေးခိုင်းရင် ပေးမယ်လို့ပြောထားတာ။ အခု သူလည်း ဘယ်ရောက်မှန်းမသိ ဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ မြေယာလျော်ကြေး ပြန်လည်ရယူလိုမှုနှင့်ပတ်သက်၍ မြေယာလျော်ကြေးကိစ္စရပ်ကို ပြည်ထောင်စုအစိုးရက ကိုင်တွယ်ခြင်းဖြစ်ပြီး တောင်သူများ တောင်းဆိုသည့် တစ်ဧကလျှင် ကျပ်သိန်း ၁၉၀ မှာလည်း အစိုးရ၏ခွင့်ပြုချက်ရရှိပါက ပေးနိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောကြားသည်။ 

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွင်လည်း စီမံကိန်းကြောင့် ဆုံးရှုံးခဲ့သည့် မြေဧက ၁၉၀၀ နှင့် စီမံကိန်းတွင် ပါဝင်သည့်မြေများကို ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးရန်ပါရှိသဖြင့် ယင်းအစီရင်ခံစာအတိုင်း ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြခြင်းဖြစ်သည်။

The Voice

0 comments:

Post a Comment