Saturday, March 16, 2019

အတိုင်ပင်ခံပုဂ္ဂိုလ် ကားနဲ့ ပြင်ဦးလွင် တက်ခဲ့ရင် အပြောခံရမည်ဆိုးလို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အမှိုက်ကောက်


မန္တလေးမြို့အထွက် ဘိုးဘိုးကြီး နတ်နန်း မှ ကျောက်ချော ၁၆ မိုင်ဂိတ်အထိ လမ်းဘေးဝဲ ယာမှာ အမှိုက်ကောက် သန့်ရှင်းရေး ပြုလုပ်ခြင်းကို မတ်လ ၁၇ ရက်နေ့ က ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကားဖြင့် ပြင်ဦးလွင် သို့တက်ခဲ့ပါက အပြောခံရမဆိုးသည့်အတွက် ကြိုတင်ကာကွယ်တဲ့သဘောဖြင့် အမှိုက်ကောက်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ပြောသည် ။ 
ယင်းအမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ခြင်းကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ဦးဆောင်ခြင်းဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန နှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခဲ့သည် ။ 

``ပြင်ဦးလွင်လမ်းမှာ က အမှိုက်က တော်တော်ဆိုးတယ်ဗျ ။အကယ်၍ အမ က ကားနဲ့တက်ခဲ့လို့ရှိရင် အပြောခံရမယ်ဆိုပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကောက်တယ် ။ ဒါပေမယ့် သန့်ရှင်းရေးပါ ။ နိုင်ငံတကာခရီးသွားတွေ သွားနေတာ အဲ့ဒါဆောင်ရွက်ချင်လို့ ။ ပြည်သူတွေကိုလည်း အသိပညာပေးချင်လို့ပါ။´´ ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ပြောသည် ။ 

မန္တလေးမြို့ ကွန်ဗန်းရှင်းစင်တာတွင် မတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပမည့် Mandalay International Trade Fair and Business Forum 2019 သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ရန်ရှိကြောင်း သိရသည် ။ 

ဘိုးဘိုးကြီး နတ်နန်း မှ ကျောက်ချော ၁၆ မိုင်ဂိတ်အထိ လမ်းဘေးဝဲ ယာတွင် ခရီးသွား ကားများက အမှိုက်များ စွန့်ပစ်မှုများ နှင့် အနီးအနားရှိကျေးရွာများမှ အမှိုက်စွန့်ပစ်မှုများကြောင့် မြို့တော်အင်္ဂါရပ်နှင့်မညီပဲဖြစ်နေသည် ။ 

မန္တလေးမြို့၌ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းကို မန္တလေးမြို့တော် သန့်ရှင်းရေးနေ့အဖြစ် သတ်မှတ်ပြီး မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် (၆) မြို့နယ်တွင် သန့်ရှင်းရေးလုပ်ငန်းများ၊ အမှိုက်စွန့်ပစ်ခြင်း ပညာပေးလုပ်ငန်းများ ပြုလုပ်လျှက်ရှိသည် ။


နိုင်လင်းဦး 
The Fifth Wave News 

0 comments:

Post a Comment