ကုလသမဂ္ဂ လူ့အခွင့်အရေးဖိုရမ်တွင် ဥရောပနိုင်ငံများက ဆော်ဒီအာရေဗျကို ပထမဆုံးအကြိမ် ပြစ်တင်ဝေဖန်လိုက်ကြပြီး လူ့အခွင့်အရေးလှုပ်ရှားသူများအား လွှတ်ပေးရန်နှင့် သတင်းထောက်ခါရှော့ဂီ လုပ်ကြံသတ်ဖြတ်ခံရမှုတွင် ကုလသမဂ္ဂ၏ စုံစမ်းမှုကို ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုက်ကြသည်ဟု သံတမန်များနှင့် စည်းရုံးလှုံ့ဆော်သူများက ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ကြာသပတေးနေ့တွင် ထုတ်ပြန်ရန်ရှိသည့် ပူးတွဲကြေညာချက်သည် ဆော်ဒီနိုင်ငံတွင် အမျိုးသမီးအရေး လှုပ်ရှားသူများကို အစိုးရရှေ့နေများက ရုံးထုတ်စစ်ဆေးရန် ပြင်ဆင်နေသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ဖမ်းဆီးခံလှုပ်ရှားသူများ၏ ကြမ္မာနှင့်ပတ်သက်၍ စိုးရိမ်မှုများ ကြီးထွားနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
၄၇ နိုင်ငံပါဝင်သည့် လူ့အခွင့်အရေးဖိုရမ်တွင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဆော်ဒီအပေါ် ပြစ်တင်ဝေဖန်မှုကို ဥရောပနိုင်ငံများနှင့် အခြားဒေသများမှ ကိုယ်စားလှယ်များ၏ ထောက်ခံမှုဖြင့် အိုက်စလန် နိုင်ငံက ဦးဆောင်လှုပ်ရှားခဲ့သည်။
“အဖွဲ့ဝင်နိုင်ငံတွေဟာ သာဓကအနေနဲ့ ဦးဆောင်ဦးရွက်ပြုပြီး အားလုံးသတိပြုမိအောင် ကောင်စီရဲ့ လူ့အခွင့်အရေး ကိစ္စရပ်အစီအစဉ်မှာ တင်ပြကြဖို့ အထူးတလည် တာဝန်ရှိကြတယ်လို့ ယုံကြည်ပါတယ်”ဟု အိုက်စလန်သံအမတ်ကြီးက အင်္ဂါနေ့က ရိုက်တာသို့ ပြောကြားသည်။
ဆော်ဒီအာရေဗျမှ လူ့အခွင့်အရေးကိစ္စသည် သာဓကတစ်ခုဖြစ်ပြီး ဤအမြင်ကို နိုင်ငံအများစုက သဘောတူကြသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အိုက်စလန်၏ လုပ်ဆောင်ချက်ကို လူ့အခွင့်အရေးလှုပ်ရှားသူများက ထောက်ခံကြိုဆိုကြသည်။ အိုက်စလန်သည် အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်ရပ်တည်မှုရှိသည်ဟုဆိုကာ နုတ်ထွက်သွားခဲ့သော အမေရိကန်ပြည်ထောင်စု၏ နေရာတွင် မနှစ်က အစားဝင်လာခဲ့သော နိုင်ငံဖြစ်သည်။
ကောင်စီတွင် ဆော်ဒီ၏ လူ့အခွင့်အရေးပြဿနာကို ဖြေရှင်းရေးလုပ်ဆောင်မှုသည် ယခု ပထမဆုံးအကြိမ်ဖြစ်သည်။ ဆော်ဒီအား ခါရှော့ဂီအသတ်ခံရမှု စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ရန်၊ လူ့အခွင့်အရေး လှုပ်ရှားသူများအား ပစ်မှတ်ထားမှုကို ရပ်ဆိုင်းရန်နှင့် တမင် ဖမ်းဆီးထိန်းသိမ်းထားသူများကို လွှတ်ပေးစေရန် အဖွဲ့ဝင်နိုင်ငံများက တောင်းဆိုသင့်သည်ဟု Human Rights Watch က ပြောကြားသည်။
“ဥပဒေအထက်မှာ ဘယ်နိုင်ငံမှ မရှိပါဘူး”ဟု HRW ၏ ဂျနီဗာဒါရိုက်တာက ပြောကြားသည်။
ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ဆော်ဒီဘုရင့်နိုင်ငံသည် စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ယခင်အပတ်က ဂျနီဗာတွင် ပြောကြားခဲ့သော်လည်း ကုလစုံစမ်းစစ်ဆေးရေးမှူး အက်ဂနက်စ်ကော်လာမတ် ဦးဆောင်သော စုံစမ်းစစ်ဆေးမှုကို သီးသန့်ရည်ညွှန်းခြင်း မရှိခဲ့ပေ။
ထို့ပြင် ဝန်ကြီးအယ်လ်ဂျူဘာက ဆော်ဒီသည် တရားစစ်ဆေးမှုများကို မျှတမှုရှိစေရန်၊ ထိန်းသိမ်းခံရသူများ၏ အခြေအနေကို တိုးတက်မှုရှိစေရန်နှင့် အမျိုးသမီးများ၏ ရပိုင်ခွင့်များကို မြှင့်တင်ရန် လုပ်ဆောင်လျက်ရှိသည်ဟုလည်း ဖိုရမ်တွင် ပြောကြားခဲ့သည်။
ယခင်လက တူရကီတွင် စုံစမ်းစစ်ဆေးခဲ့သူ ကော်လာမတ်က သတင်းထောက် ခါရှော့ဂီသည် အစ္စတန်ဘူးလ်ရှိ ကောင်စစ်ဝန်ရုံးတွင် ရက်စက်စွာ အသတ်ခံရခြင်းဖြစ်ကြောင်းနှင့် ဆော်ဒီတာဝန်ရှိသူများက ကြိုတင်စီစဉ် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အထောက်အထားများက ညွှန်ပြနေသည်ဟု ပြောကြားထားသည်။
ဆော်ဒီသည် လူ့အခွင့်အရေး လှုပ်ရှားသူများကို နှုတ်ဆိတ်သွားစေရန် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဥပဒေများကို အသုံးချ နှိပ်ကွပ်နေသည်ဟု ယူကေရှိ လူ့အခွင့်အရေး ကျွမ်းကျင်သူများက ပြောကြားသည်။
The Voice







0 comments:
Post a Comment